သံဖြူဇရပ်၊ ဩဂုတ် ၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမငါးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ပြောက်ကျားဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အင်အား ၁၅ ဦးပါ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝဲခမိကျေးရွာ အထက်တန်းကျောင်းထဲ ဝင်ရောက် လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမအားလုံးကို စုစည်းခိုင်းပြီးနောက် နာမည်စာရင်းမှာပါရှိတဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမငါးဦးကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေမှာ ကျောင်းအုပ်ကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြ ဆရာမတွေဖြစ်တဲ့ ဒေါ်ခင်မြတ်မြတ်ထွန်း၊ ဒေါ်ခိုင်ခိုင်မိုးနဲ့ မူလတန်းပြဆရာတွေဖြစ်တဲ့ ဦးကျော်စိုးလွင်၊ ဦးကျော်ဘုန်းဝေတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဝဲခမိကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ဆရာမ ငါးဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတာလို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ တာဝန်ရှိသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန် အဆက်အသွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝဲခမိကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားထားပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.