မကွေး၊ ဩဂုတ် ၃

မကွေးတိုင်း၊ မကွေးမြို့မှာ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် အကန့်အသတ်နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အခုလိုမျိုး စက်သုံးဆီပြတ်လပ်နေတာဟာ အချိန် တစ်ပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေအတွက် အကန့်အသတ်နဲ့ပဲရောင်းချနေတယ်လို့ သိရပါတယ်။

“အဓိကကတော့ မနက်ပိုင်းတွေ တန်းစီပြီးဝယ်ရတာများတယ်။ ပြီးတော့ ဆီကုန်နေပါသည် ဆိုပြီး ဆိုင်းဘုတ်ထောင်ထားကြတယ်။ စျေးကတော့ ထူးတက်တာမျိုးမရှိဘူး”လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စက်သုံးဆီထဲမှာမှ ဓာတ်ဆီအဓိကပြတ်လပ်လို့ ဝယ်ယူရခက်ခဲပြီး မြို့မှာရှိတဲ့ဆိုင်တွေကို လှည့်လှည်ပြီးရှာဖွေကာ တန်းစီဝယ်ယူနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ဆီတစ်လီတာကို ၂၈၆၀ ကျပ်ဝန်းကျင်ရှိပြီး အကန့်အသတ်နဲ့သာရောင်းချကာ အိမ်စီးကား တစ်စီးကို ၄၀၀၀၀ ကျပ်၊ သုံးဘီးတစ်စီးကို ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ကျပ်ဖိုးသာ ရောင်းချတယ်လို့ သိရပါတယ်။

“ဆိုင်တွေကတော့ ခြောက်ဆိုင်လောက်ရှိတယ်။ အကုန်ပြတ်တာပါ။ တစ်မြို့လုံးလှည့်ပြီးရှာယူရတာပေါ့။ အရင်တခါလိုပါပဲ။ ဗဟိုဘဏ်ကဒေါ်လာထုတ်မပေးလို့ ဝယ်ရခက်တယ်လို့တော့ပြောတယ်” လို့ ဒေသခံကိုကျော်ထက်ကပြောပါတယ်။

တန်းစီးရလို့ အချိန်ကြာမြင့်တာ၊ ဆီကားလာတဲ့အထိ စောင့်ဆိုင်းရတာတွေကြောင့် အခက်ခဲများစွာရှိနေတယ်လို့ သူက ဆက်​ပြောပါတယ်။

ဓာတ်ဆီဆိုင်ကြီးတွေကရောင်းတဲ့ ဆီစျေးက ထူးခြားပြီး ဈေးနှုန်းမြင့်တက်တာမျိုးမရှိပေမယ့် ပြင်ပဆိုင်တွေရဲ့ ဆီစျေးကတော့ ဆီမပြတ်လပ်ခင်မှာတကည်းက ၃၀၀၀ ကျပ်သာရှိပေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၄၀၀၀ ကျပ်ပေးကာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.