ဘားအံ၊ သြဂုတ် ၄

ရေကြီးရေလျှံမှုကြောင့် ပြည်သူထောင်ချီ ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေရတဲ့ ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေထပ်တိုးလာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်နေသူတွေ အထူးသတိပြုနေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တစ်ရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လည်တည်ရှိနိုင်တာပါ။

သံလွင်မြစ်ရေထပ်တိုးလာနိုင်တဲ့အတွက် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေ ထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

တစ်ပတ်ကြာ ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ ဘားအံမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ရေ ပြန်လည်ကျဆင်းသွားတာရှိပေမယ့် စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းတာမျိုးမဟုတ်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေတွေရှိနေဆဲဖြစ်ကာ မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ ရေဘေးသင့်ပြည်သူတွေ ဆက်ရှိနေပါတယ်။

ရေပြန်လည်ကျဆင်းသွားတဲ့ သံလွင်မြစ်ရေဟာ အခုလ ဩဂုတ် ၂ ရက်နေ့ကစပြီး မြစ်ရေပြန်လည်တိုးမြင့်တာကြောင့် ဘားအံမြို့အတွင်းရှိ လမ်းပိုင်းအချို့ ရေပြန်ကျော်နေပြီး မြို့နေပြည်သူတွေကတော့ စားနပ်ရိက္ခာနဲ့ သောက်ရေသန့်တွေကို ကြိုတင်ဝယ်ယူထားကာ ရေဘေးအတွက် ထပ်မံကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ဆောင်နေတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကစပြီး ဘားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကာ ရေကြီးရေလျှံမှုကာလအတွင်း ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးအပါအဝင် မြို့နယ်တွေအားလုံးနီးပါးမှာ ရေဘေးသင့်နေခဲ့ရသလို လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။

ရေကြီးမှုကြောင့် ကရင်ပြည်နယ်၊ ဘားအံ၊ မြဝတီ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ပိုင်ကျုံ ကော့ကရိတ်၊ ကမမောင်းမြို့တွေမှာ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၆၀ ခု ဖွင့်လှစ်ထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.