ပုလော၊ ဩဂုတ် ၃

တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့စစ်ရှောင်အရေး ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဆင်ထိုးကြီးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း ဒေသခံတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းစိုးဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ကိုလွင်ဇော်ဟာ ထွက်ပြေးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ဆင်ထိုးကြီးကျေးရွာမှာ ဝင်ရောက်တပ်စွဲခဲ့ပြီး သြဂုတ် ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းပြန်ထွက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် ဆင်ထိုးကြီးကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။

ဆင်ထိုးကြီးတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း ပုလောမြို့နယ် ပလမြို့ တိုရွာလမ်းမပေါ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ကိုယ်ဝန်ဆောင်မိခင် လင်မယားနှစ်ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၈၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.