လားရှိုး ၊ ဩဂုတ် ၃

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ ကိုးကန့်အဖွဲ့ MNDAA က တိုက်တွန်းလာပါတယ်။

ရှမ်းမြောက်တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချတဲ့ MNDAA ရဲ့ ဩဂုတ် ၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့် သွင်းခဲ့တာပါ။

ဇူလိုင်လဆန်းကစပြီး ရှမ်းမြောက်က လားရှိုး၊နောင်ချိုတိုက်ပွဲတွေမှာ တောက်လျှောက်ရှုံးနိမ့်ခဲ့ရတဲ့ စစ်ကောင်စီက လောက်ကိုင်နဲ့ သိန္နီခရိုင်အတွင်းက အရပ်သားတွေနေထိုင်တဲ့ဒေသတွေကို လေ ယာဉ်တွေနဲ့ ထပ်တလဲလဲ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

စာသင်ကျောင်းတွေ ဆေးရုံ မြို့ဈေးနဲ့ ဟိုတယ် စတဲ့ လူစုလူဝေးများတဲ့နေရာတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်လအတွင်း အရပ်သားအနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရကာ နေအိမ်အဆောက်အဦးတွေလည်း ပျက်စီးခဲ့ရတာပါ။

ဩဂုတ် ၁ ရက်နေ့မှာတော့ စစ်ကောင်စီက စစ်မြေပြင်မဟုတ်တဲ့ လောက်ကိုင်က တုန်းချိန်ရပ်ကွက်ကို Heavy Weight ဗုံးသီးလေးလုံးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမှတ် ၂ ပြည်သူ့ဆေးရုံအပါအဝင် ဘေးနားရှိ အဆောက်အဦးတွေနဲ့ Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်တွေပေါ် လည်း ကျ‌ရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ် ၂ ရက်နေ့မှာလည်း ကိုးကန့်ခရိုင် တုန်းရှမ်းမြို့နယ်ရှိ ရှီးယွမ်ကျည်ရွာကို ဗုံးသီး ၁၇ လုံးနဲ့ စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရပြန်ပါတယ်။

အဲဒီဗုံးကြဲမှုတွေကြောင့် ဆေးရုံက လုံခြုံရေးဝန်ထမ်း တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဆေးရုံတက် နေတဲ့ လူနာနှစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိကာ အသေးစားဒဏ်ရာရရှိသူလည်း အများအ ပြားရှိခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ်၊ ဟိုတယ်နဲ့ မော်တော်ကားတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေ အရပ်သားနေအိမ်တွေကို ဦးတည်ပြီး ရည် ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇာဝတ်မှုနဲ့ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာလို့ MNDAA က ဆိုပါတယ်။

ဒါကြောင့် မင်းအောင်လှိုင်ကိုဗဟိုပြုတဲ့ စစ်ကောင်စီတို့ရဲ့ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေတဲ့အပြုအမူကို MNDAA က ပြင်းထန်စွာရှုတ်ချကာ အရေးယူပေးဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

MNDAA အနေနဲ့ လူနေအိမ်တွေ ဆေးရုံတွေ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးကို လုံးဝဖော်ဆောင်မှာမဟုတ်ဘဲ လားရှိုးမြို့အတွင်းရှိ အများနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေနဲ့ လူနေအိမ်တွေကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေတာလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.