မော်လမြိုင် ၊ မေ ၂၃

မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စားဝတ်နေရေး အခက်အခဲတွေကြောင့် အမျိုးသမီး လိင်ဝန်ဆောင်မှု လုပ်ကိုင်သူ ပိုများလာတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင် အခွင့် အလမ်းရှားပါးမှုတွေကြောင့် အမျိုးသမီးတွေဟာ ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေကြေးရှာဖွေရတဲ့ လိင်ဝန် ဆောင်မှုလုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတာပါ။

သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ လိင်ဝန်ဆောင်မှု လုပ်ကိုင်သူတွေဟာ အသက် ၁၆ နှစ်ကနေ ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတွေဖြစ်ပြီး အများစုဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ငွေကြေးချို့တဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးကတော့ အမျိုးသမီးငယ်အများစုဟာ စီးပွားရေး အခြေအနေအရ ဝင်ငွေရလွယ်တဲ့ Sex Worker လောကထဲ ဝင်ရောက်မှုနှုန်း သိသိသာသာ မြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုကစီးပွားရေး အခြေအနေကလည်း အမျိုးသမီးငယ်လေးတွေ အများစုက ငွေရလိုတဲ့ အလုပ်ကို စိတ်ဝင်စားလာကြတာပေါ့နော်။ အရင်တုန်းကဆိုလို့ရှိရင် ဒါကအင်မတန်အခက်အခဲရှိပြီးတော့ မဖြစ်မနေလုပ်လို့သာ သူတို့က Sex Worker ဘဝကို ရောက်ကြတာပေါ့နော်။ အခုကျတော့လည်း Sex Worker ဆိုတဲ့ ခေါင်းစဉ်က လုပ်ငန်းတစ်ခုလိုမျိုး ဖြစ်နေတယ်ပေါ့နော်။ အဲဒီအခါကျတော့ အမျိုးသမီးငယ်လေးတွေက အချိန်မရွေး ဒီအလုပ်ထဲကိုဝင်ပြီး လုပ်လို့ရတယ်။ ဝင်လာတဲ့နှုန်းကလည်း များလာတယ်”လို့ ဆိုပါတယ်။

စားဝတ်နေရေး အခက်အခဲတွေကြောင့် Sex Worker အလုပ်ထဲ ဝင်ရောက်လာတဲ့ အမျိုးသမီးငယ်တွေဟာ မိမိတို့ နေအိမ်တွေမှာသာနေထိုင်ပြီး ဖုန်းအပါအဝင် Viber ၊ Telegram၊ Messenger စတဲ့ အွန်လိုင်းတွေ အသုံးပြုပြီး ချိတ်ဆက်အလုပ်လုပ်ကိုင်ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတစ်ဦးက အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ကိုင်သူ များပြားလာတာဟာ စစ်ကောင်စီလက်ထက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေအလွယ်ရနိုင်တဲ့ လုပ်ငန်းတွေကို ရွေးချယ်လာကြတာလို့ ပြောပါတယ်။

“အစစအရာရာ ကုန်ဈေးနှုန်းတွေက မတန်တဆ မြင့်တက်လာတဲ့အပေါ်မှာ အောက်ခြေလူတန်းစားတွေပေါ့နော်။ အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေ ဒီဆင်းရဲသား ဆင်ခြေဖုံး မြို့စွန်ရပ်ကွက်က လူတွေဆိုရင် အရမ်းကိုတအားကျပ်တည်းတာပဲ။ ကျပ်တည်းလာတဲ့အခါမှာ တချို့ တချို့ မလုပ်ဖူးတဲ့ သူ့ဘဝသက်တမ်း တလျှောက်လုံးမှာ မလုပ်ဖူးတဲ့ အလုပ်တွေပေါ့။ ဥပမာ အိမ်ထောင်သည် အမျိုးသမီးတွေကအစ မိမိရဲ့ ခန္ဓာကိုယ်ကို ရင်းပြီးတော့ ပိုက်ဆံရှာဖွေတဲ့ အလုပ်လုပ်တာ ပိုပြီး များလာတာပေါ့” လို့ ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေး၊ နေ ပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ပေါ်ပေါ်တင်တင် လုပ်ကိုင်တာအပြင် အွန်လိုင်းကနေ ချိတ်ဆက် လုပ်ကိုင်လာကြတဲ့ ဈေးကွက်တစ်ခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စားဝတ်နေရေး အခက်အခဲတွေကြောင့် ခန္ဓာကိုယ်ကိုရင်းပြီး Sex Worker အလုပ်လုပ်ကိုင်လာကြတဲ့ အမျိုး သမီးတွေဟာ ကျန်းမာရေးအသိရှိမှု နည်းပါးနိုင်တာကြောင့် HIV ရောဂါ ဖြစ်ပွားမှုနှုန်းတွေ မြင့်တက်လာမှာကို အမျိူးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက စိုးရိမ်နေကြပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းမခင်က လိင်လုပ်သား အမျိုးသမီး ၅၀၀ ကျော်ရှိနေပြီး စစ်ကောင်စီလက်ထက်မှာ စာရင်းအတိအကျ ကောက်ယူထားမရှိပေမယ့် လိင်လုပ်သားဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.