မွန်ပြည်သစ်ပါတီရဲ့ အချက်အချာကြတဲ့ နယ်မြေတွေကို လက်ဦးမှုရယူဖို့ စစ်တပ်ထောက်ခံသူတွေ လှုံ့ဆော်

0
33

ရေချောင်းဖျား၊ မေ ၁၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ အချက်အချာကြတဲ့ နယ်မြေတွေကို စစ်ကောင်စီဘက်က လက်ဦးမှုရယူဖို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့် လှုံ့ဆော်လာနေပါတယ်။

စစ်ကောင်စီဘက်ယိမ်းတဲ့ ပေတိုးမီဒီယာက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ် ညီစားမှာ မွန်အမျိုး သားကျောင်းတွေရှိပြီး အဲဒီနယ်မြေမှာ ပညာရေး၊ စီးပွားရေး အဆင်ပြေနေတာကြောင့် မွန်ပြည်သစ်ပါတီရဲ့ နှလုံးသားဖြစ်နေတယ်လို့ မေ ၇ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် မွန်ပြည်နယ်မှာ နောက်ကျောကို သတိထားရမှာဖြစ်ပြီး သူတို့နှလုံးသားဖြစ်တဲ့ အဲဒီနယ် မြေကို ပြန်ထောက်ထားနိုင်ရင် ကိုယ်က (စစ်ကောင်စီ) နိုင်မြင်းစီးထားသူပဲလို့ စစ်ကောင်စီအတွက် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

တစ်ဘက်မှာ သူတို့နှလုံးသား သူတို့အသက်ဟာ ဘုရားသုံးဆူမှာ ရှိနေတယ်လို့ ဖော်ပြထားပြီး မွန်ပြည်သစ်က ဖွက်ထားတဲ့ ဌာနချုပ်၊ မွန်ပြည်သစ်ရဲ့အကျိုးစီးပွား၊ မိသားစု၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်းတွေရှိတဲ့ ထိုင်းဘက်က စံခလပူရီမြို့နဲ့ နီးတဲ့ နယ်စပ်မြို့လို့ ဆိုပါတယ်။

အခုလို စစ်တပ်ထောာက်ခံသူတွေရဲ့ ရေးသားလှုံ့ဆော်မှုအပေါ် မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးထံ သံလွင်တိုင်းမ်က မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် တယ်လီဖုန်း ဆက်ပိတ်ထားသလို အွန်လိုင်းကနေလည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။

အခုလို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မွန်ပြည်သစ်နဲ့ပတ်သက်ပြီး ဝါဒဖြန့်လှုံ့ဆော်မှုဟာ အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် တွေ့ရှိရတာဖြစ်ပြီး ခွဲထွက်အဖွဲ့ NMSP-AD က စစ်ကောင်စီကို စစ်ကြေညာပြီး သုံးလနီးပါးအကြာမှာ အခုလို လှုံ့ဆော်လာတာဖြစ်ပါတယ်။

စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးကတော့ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် လှုံ့ဆော်မှုဟာ လုပ်နေကျ ပုံစံအတိုင်းဖြစ်ပြီး မွန်ပြည်သစ်ပါတီကလည်း NCA လမ်းကြောင်းအတိုင်း ဆက်သွားနေတာဖြစ်လို့ ဘာမှအထွေအထူး ဖြစ်လာမှာမထင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ဒီလှုံ့ဆော်မှုဟာ လက်ရှိတော်လှန် ရေးထဲကို မွန်ပြည်သစ်ပါတီ ဝင်မလာဖို့ တစ်မျိုးတစ်ဖုံဟန့်တားတဲ့ သဘောလို့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီနေရာတွေကို တိုက်လို့ရှိရင် မွန်ပြည်သစ်ပါတီအနေနဲ့ ပိုပြီးအထိနာမယ်ဆိုတဲ့ သဘောနဲ့ Psywar အနေနဲ့ သူတို့ (စစ်တပ်ထောင်ခံသူတွေ) ရေးတာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တော်လှန်ရေးထဲကို မွန်ပြည်သစ်ပါတီတွေ ဝင်မလာဖို့ တစ်မျိုးတစ်ဖုံနဲ့ ဟန့်တားတဲ့ Psywar သက်သက်သာ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့် Bilateral Agreement အပစ်ခတ်ရပ်စဲရေးစာချုပ်ရေးထိုးထားပြီး ၂၀၁၈ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသ ဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အာဏာသိမ်းကာလမှာတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မွန်ပြည်သစ်ပါတီက တစ်စိုက်မတ်မတ် ရပ်တည်လာခဲ့ပြီး စစ်ခေါင်းဆောင်ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ၅ ကြိမ်ထက်မနည်း တက်ရောက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.