စလင်းမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံရတဲ့ အလောင်းနှစ်လောင်းတွေ့ရှိ

0
31

စလင်း၊ မေ ၉

မကွေးတိုင်း စလင်းမြို့နယ် ခင်ပလူကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားစဉ် မီးရှို့အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က တပ်အင်အား ၁၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ပလူကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ခင်ပလူကျေးရွာတဝိုက်မှာ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒေသခံနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

“မီးရှို့ခံထားရတဲ့အလောင်းတွေက ပြည်သူလား ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလားတော့ မသိသေးဘူး။ အဲဒီနေ့မှာတင် ခင်ပလူရော ငလှိုင်တွင်းဘက်ကကော ဖမ်းဆီးခံရတာတွေရှိတယ်လို့တော့ သိရတယ်။ သေချာအတည်မပြုနိုင်သေးဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်ရောက်လာတဲ့နေ့မှာတင် ဒေသခံ ၇ ဦးကျော် ဖမ်းဆီးနှိပ်စက်ခံရပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း ရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ခင်ပလူဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စေတုတ္တရာနဲ့ စလင်းမြို့နယ်ကြားက နယ်နိမိတ်တွေမှာ လက်နက်ကြီးတွေ အထိုင်ချပြီး မေ ၉ ရက်နေ့လည်ပိုင်းအထိ ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၀၀၀ နီးပါး သေဆုံးထားတယ်လို့ မေ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.