ကံပေါက်မှာ CDM ကျောင်းဆရာမနှစ်ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ

0
28

ရေဖြူ၊ မေ ၉

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ CDM ကျောင်းဆရာမနှစ်ဦးကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတွေဖြစ်တဲ့ ဒေါ်သက်သက်မော်နဲ့ ဒေါ်ယဉ်ယဉ်အေးတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက နေ အိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

CDM ကျောင်းဆရာမနှစ်ဦးကို စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှာ တစ်လကျော်ကြာ စစ်ဆေးပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။

အဲဒီနောက် CDM ကျောင်းဆရာမ နှစ်ဦးကို မေ ၇ ရက်နေ့မှာ ရေဖြူမြို့နယ် တရားရုံးကနေ အ ကြမ်းဖက်အဖွဲ့ အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီဘက်ကတော့ CDM ကျောင်းဆရာမ နှစ်ဦးဟာ PDF ထံ ငွေကြေးထောက်ပံ့တာ၊ NUG ပညာရေးကျောင်းတွေမှာ စာသင်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ်အမိန့်ချမှတ်ခံရတဲ့ CDM ကျောင်းဆရာမ နှစ်ဦးကို ထားဝယ်အကျဉ်းထောင်သို့ ပြောင်း ရွှေ့လိုက်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဌာနချုပ်မှာ ဖမ်းဆီးခံထားရတဲ့ ဖောင်းတောကျေးရွာက ဒေသခံအမျိုးသား ၁ ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Freedom Kanbauk

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.