မော်လမြိုင်မြို့မှာ ခိုးဆိုးလုယက်မှု တစ်နေ့တခြားပိုဆိုးလာ

0
26

မော်လမြိုင် ၊ မေ ၉

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ဆိုင်ကယ်၊ အိုးဝေအပါအဝင် တခြားခိုးမှုတွေ နေ့စဉ်မြင့်တက်လာပေမယ့် စစ်ကောင်စီဘက်က ရှာဖွေဖော်ထုတ် ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။

လုံခြုံရေးအထူး တင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ အခုနောက်ပိုင်း အုပ်စုဖွဲ့ပြီး နေရောညပါ ခိုးဆိုးလုယက်မှုတွေကို ပေါ်ပေါ်ထင်ထင် ဆက်တိုက်ကျူးလွန်လာတဲ့အတွက် နေ့စဉ်ဆိုင်ကယ်အပြင် ဖုန်းနဲ့တခြားပစ္စည်း ပျောက်ဆုံးမှုတွေလည်း မြင့်တက်လာခဲ့တာပါ။

ဒေသခံတွေအနေနဲ့ မိမိတို့ ပစ္စည်းခိုးယူခံရတဲ့အတွက် စစ်ကောင်စီရဲတပ်ဖွဲ့ထံ သက်သေအထောက် အထားတွေ၊ CCTV မှတ်တမ်းတွေနဲ့တကွ တိုင်းကြားပါကလည်း အမှုသာဖွင့်ပေးပြီး ဖမ်းဆီးပေးတာ မရှိဘူးလို့ ဒေသခံတွေက ဝေဖန်တာပါ။

မော်လမြိုင်မြို့ခံတစ်ဦးက မြို့တွင်းမှာ နေ့စဉ်ဆိုင်ကယ်တွေကို အုပ်စုဖွဲ့ပြီး လိုက်လံခိုးယူနေတဲ့အတွက် ဆယ်နဲ့ချီ ပျောက်ဆုံးနေသလို စစ်ကောင်စီရဲတပ်ဖွဲ့ထံ တိုင်ကြားပါကလည်း စာရင်းသာရေးသွင်းထားပြီး ဖမ်းဆီးပေးတာ မရှိဘူးလို့ ပြောပါတယ်။

“ဆိုင်ကယ်က မော်လမြိုင်မှာ ပျောက်တယ်ဆိုတာ တစ်နေ့ကို ဆယ်ဂဏန်းကျော်တယ်။ ပျောက်ပြီးရင် ပြန်မရဘူး။ အုပ်စုအလိုက်ကို ခိုးတာ၊ မိနစ်ပိုင်းလေးပဲကြာတယ်။ နှစ်မိနစ်သုံးမိနစ်ဘဲ ကြာတယ်။ ကိုယ်ဖြစ်ကိုယ်ခံကြီးလေ။ အားကိုးလည်း မရှိဘူး။ တိုင်လို့လည်း မရဘူး။ တိုင်ရင်တော့ တိုင်လို့တော့ရတာပေါ့။ ဒါပေမယ့် စာရင်း ရေးထားတာပဲရှိမယ်။ ဖမ်းဆီးတာ ဘာမှမရှိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမြို့အတွင်းမှာ လှည့်လည်ခိုးယူသူတွေဟာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အချိန်တွေမှာ ခိုးယူမှုအများဆုံး ပြုလုပ်နေတာဖြစ်ပြီး အုပ်စုအလိုက် ခိုးယူတာဖြစ်တဲ့အ တွက် အသက်အန္တ ရာယ်ပါ ရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

ဆိုင်ကယ်ခိုးယူခံရတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက ဆိုင်ကယ်အပါအဝင် ပစ္စည်းခိုးယူသူတွေ ပိုဆိုးလာတာကြောင့် ညဘက်တွေမှာစိုးရိမ်ပြီး ထထကြည့်နေရသလို ခိုးယူသူတွေဟာ အုပ်စုဖွဲ့လာတဲ့အတွက် ရန်ရှာမှာတောင် ကြောက်နေရတယ်လို့ ပြောပါတယ်။

“သူတို့ခိုးတာကတော့ ဘယ်လိုပြောမလဲ ပိုပိုဆိုးလာတယ်။ သုံးဘီးရရင်ရ၊ မရရင်ဆိုင်ကယ် အဲဒီလိုတွေ ဖြစ်နေတယ်။ ဆိုင်ကယ်ကတော့ ပိုဆိုးပိုများတာပေါ့။ စိုးရိမ်စိတ်ကတော့ဗျာ။ ညဆိုရင်လည်း သန်းခေါင်ကျော် တစ်နာရီတစ်ခါနိုးရင် တစ်ခါထကြည့်။ ခဏခဏကို ထကြည့်နေရတာပေါ့ဗျာ။ သံကြိုးခတ်လည်း အဆင်မပြေ၊ သံကြိုးခတ်ရင်တောင် သံကြိုးကို သော့တွေဘာတွေဖြတ်ပြီးတော့ သွားလိုက်တာ။ ကျွန်တော်တုန်းကတော့ ၅ယောက်ပေါ့။ သူတို့ကိုအပြင်မှာတွေ့လို့ ဂုတ်သွားဆွဲရင် ကံကောင်းရင် အပြေးကောင်းရင်တောင်မှ ၃ ချက်လောက် ချုပ်ရမယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဘက်က မြို့အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ လှည့်ကင်းလှည်လည်တာ၊ နေရာအနှံ့မှာ စစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် ဆိုင်ကယ်ခိုးယူသူအပါအဝင် တခြားခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိပါဘူး။

မြို့အတွင်း လမ်းဆုံလမ်းခွတွေ၊ မြို့ဝင်မြို့ထွက်အပြင် မြို့အနှံ့ နေရာလွတ်မကျန်အောင် CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် စစ်ကောင်စီဘက်က ခိုးယူသူတွေကို ဖမ်းဆီးတာမရှိဘဲ မီးပွိုင့်မီးနီဖြတ်မောင်းသူတွေကိုသာ စောင့်ကြည့်ပြီး ငွေကြေးတောင်းခံတာရှိတယ်လို့ ဒေသခံတွေက ဝေ ဖန်ပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ မိမိတို့ပစ္စည်း ပျောက်ဆုံးပါက ကိုယ်တိုင်စုံစမ်းဖော်ထုတ် ရှာဖွေနေရပြီး စစ်ကောင်စီကို တိုင်ကြားပါကလည်း ပြန်မရတာများတဲ့အတွက် ကိုယ်ဖြစ်ကိုယ်ခံ အ ခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာ အာဏာသိမ်းကာလအတွင်း တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အတွက် နေ့စဉ်နီးပါး ဆိုင်ကယ်အပါအဝင် ပစ္စည်းခိုးယူခံရတာ၊ လူသတ်လုယက်ခံရတာတွေအပြင် တခြားပြစ်မှုကျူးလွန်တာတွေလည်း ပိုမိုများပြားလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.