မွန်ပြည်သစ်ပါတီ AD ရဲ့ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်

0
15

မော်လမြိုင် ၊ ဧပြီ ၂၉

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ဟာ ဧပြီ ၂၆ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ အခြေခံစစ်သင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းအခမ်းအနားမှာ NMSP AD နိုင်ငံရေးစစ်ရေးဦး‌ဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျနဲ့ ဒုစစ်ဦးစီးချုပ် နိုင်စလွန်းထောတို့ သင်တန်းဆင်းရဲ‌ဘော်တွေကို အမှာစကားပြောကြားပါတယ်။

ဒါ့အပြင် အခမ်းအနားမှာ သင်တန်းဆင်းကျောင်းသားတွေ သစ္စာပြုတိုင်တည်ပြီး တာဝန်ရှိသူတွေက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိပါရတယ်။

အပစ်ရပ်ထိုး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ် AD ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ ကြေညာခဲ့တာပါ။

အဲဒီနောက်ပိုင်း မုဒုံမြို့နယ်က ကျေးရွာတချို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တချို့ကို ဖမ်းဆီးပြီး လက်နက်သိမ်းဆည်းခဲ့သလို  စစ်ကောင်စီနဲဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မွန်နဲ့ ကရင်အစပ် ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲနဲ့ ဂျိုင်းမြစ်ဒေသတိုက်ပွဲအတွင်း  မွန်ပြည်သစ်ပါတီ AD က ကရင်အဖွဲ့အပါအဝင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်တော် MLA ၊ PDF တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့တာပါ။

တစ်ဘက်မှာတော့ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ AD တို့ နိုင်ငံရေး၊စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဖို့ နှစ်ဘက် ပထမအကြိမ်တွေ့ဆုံမှုကနေ သဘောတူညီချက် တချို့ ရရှိထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.