ယူကရိန်းကို ပေါင်သန်း ၅၀၀ ထပ်မံကူညီမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် အသိပေး

0
15

ဝါဆော၊ ဧပြီ ၂၄

ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ယူကရိန်းကို နောက်ထပ် ရန်ပုံငွေ စတာလင်ပေါင်သန်း ၅၀၀ ထပ်မံကူညီပေးသွားမှာဖြစ်ပြီး  ဗြိတိန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ဗြိတိန်အနေနဲ့ ယူကရိန်းအစိုးအရအတွက် စစ်ရေးအကူအညီတွေ ထပ်မံပေးသွားမှာဖြစ်တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်၊နေတိုးအဖွဲ့ အကြီးအကဲ စတိုလ်တန်ဘာ့ဂ်တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ပြောခဲ့တာပါ။

ဆွန်နက်က ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်းတိုးမြှင့်ပြီး ၂၀၃၀ အရောက်မှာ အသားတင်ပြည်တွင်းထုတ်ကုန် တန်ဖိုး ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ၂ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြုနေတဲ့ ဗြိတိန်စစ်ရေးအသုံးစရိတ်ကို နောက်ထပ် တိုးမြှင့် မယ်ဆိုပါက ဗြိတိန်ဟာ နေတိုးအဖွဲ့မှာ စစ်ရေးအသုံးစရိတ်အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာတော့မှာပါ။

ရုရှားအန္တရာယ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေပိုမို ကျယ်ပြန့်လာနိုင်တဲ့အတွက် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံဟာ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး မဖြစ်မနေ လုပ်ဆောင်ရဖို့ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

စစ်အေးတိုက်ပွဲနောက်ပိုင်း ကမ္ဘာကြီးဟာ အန္တရာယ်အများဆုံးအခြေအနေနဲ့ ကြုံတွေ့နေရပြီး မိမိတို့ ကျေနပ်ရောင့်ရဲနေလို့မရဘူးလို့ ဆွန်နက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆွန်နက်ရဲ့ ပြောဆိုချက်အရ ဗြိတိန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ၂၀၃၀ ကနေ ၂၀၃၁ အတွင်း ပေါင် ၈၇ ဘီလျံရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေကို ခုခံကာကွယ်ဖို့ ကြိုးပမ်းနေရတဲ့ ယူကရိန်းတပ်တွေမှာ ခဲယမ်း မီးကျောက်တွေ ပြတ်လပ်နေတာ လနဲ့ချီကြာနေပြီဖြစ်ပြီး ဥရောပက ခဲယမ်းမီးကျောက် ထောက်ပံရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်ကလည်း ယူကရိန်းကို စစ်ရေးအကူအညီထပ်ပေးဖို့ လွှတ်တော်မှာ ၆ လကြာဆွေး နွေးခဲ့ပြီးနောက် ဒေါ်လာ ၆၁ ဘီလျံပေးမယ့် အစီအစဉ်ကို လွှတ်တော်အမတ်တွေက သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဥရောပအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီအရှိန်မြှင့် ပေးပို့ရလိမ့်မယ်လို့ အီးယူကာကွယ်ရေး နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.