ထားဝယ်၊ ဧပြီ ၂၄

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ကျောက်မဲတောင်ဗျူဟာကနေ ရိက္ခာလာကောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေ ဆုံးခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတပ်ဖွဲ့တွေထံက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ကျောက်မဲတောင်ဗျူဟာအနီးပတ်ဝန်းကျင်ကို ဧပြီ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာထုပ်တွေ လာရောက်ချပေးသွားခဲ့တာပါ။

အဲဒီနောက် ကျောက်မဲတောင်ဗျူဟာကနေ ရိက္ခာလာကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ရာကနေ အချိန် ၃ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲတောင်ဗျူဟာအတွက် ရဟတ်ယာဉ်နဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါး အထုပ်ပေါင်း ၁၂ ထုပ် လာချခဲ့တာဖြစ်ပြီး အဲဒီထဲက ဆေးထုပ်တစ်ထုပ်ကိုတော့ တော် လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကလည်း ကျောက်မဲတောင်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့ပါတယ်။

ထားဝယ်အရှေ့တောဒေသမှာရှိတဲ့ ကျောက်မဲတောက်ရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းတွေကို ပြီးခဲ့တဲ့လကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတဲ့အ တွက် စစ်ကောင်စီဘက်က ကုန်းလမ်းကို အသုံးမပြုရဲတော့ဘဲ လေကြောင်းကနေ လက်နက်နဲ့ ရိက္ခာတွေဖြည့်တင်းနေတာပါ။

ထားဝယ်မြို့နယ် အရှေ့တောဒေသ တိုက်ပွဲတွေကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေ ချောင်းနဲ့ မေတ္တာမြို့က ဒေသခံထောင်နဲ့ချီ နှစ်လကျော်ကြာ စစ်ရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ကြရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.