မော်စကို – ဖေဖော်ဝါရီ ၁၅ 

ရုရှားဟာ ယူကရိန်းနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် အသံထက်ပိုမြန်တဲ့ Zircon ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အထောက်အထားကိုမကြာသေးခင်က ရုရှားရဲ့ တိုက်ခိုက်မှုတစ်ခုကနေ ရရှိထား တယ်လို့ ယူကရိန်း သိပ္ပံသုတေသန အင်စတီကျုဒ့် ညွှန်ကြားရေးမှူး အိုလက်ဇန်ဒါ ရူဗင်က ဆိုခဲ့ တာပါ။ 

အဲဒီဒုံးကျည်ကို ရုရှားက သင်္ဘောတစ်စီးပေါ်က ပစ်လွှတ်ခဲ့တာဖြစ်ကာ တစ်နာရီ မိုင် ၆၀၀၀ နှုန်းအထိမြန်ဆန်တယ်လို့သိရပြီး ဒီအမြန်နှုန်းဟာ အသံရဲ့ အမြန်နှုန်းထက် ၈ ဆ ပိုမြန်တယ် လို့ သိရပါတယ်။

ရုရှားရဲ့အဲဒီတိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး တခြား လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ယူကရိန်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

သမ္မတ ဗလာဒီမာပူတင်က မိမိတို့ရဲ့ Zircon ဒုံးကျည်ဟာ ခုခံကာကွယ်တားဆီးဖို့မဖြစ်နိုင်တဲ့ လက်နက်ဖြစ်တယ်လို့ ပြောထားသလို ရုရှားအစိုးရပိုင် မီဒီယာတွေမှာတော့ ဒီဒုံးကျည်ကို ပစ်ခတ်ခဲ့တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ပြောထားပါတယ်။ 

ရုရှားဟာ အဲဒီဒုံးကျည်ကို ၂၀၂၀ ခုနှစ်က သုံးကြိမ်၊၂၀၂၂ ခုနှစ် မေလက တစ်ကြိမ်နဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ရေငုပ်သင်္ဘောပေါ်က တစ်ကြိမ်အောင်မြင်စွာ ပစ်လွှတ်ထားသလို ၂၀၂၃ ဇန်နဝါရီလက ဖရီးဂိတ်သင်္ဘောပေါ်မှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

အဲဒီအချိန်တုန်းက ကမ္ဘာမှာ ဒီလိုလက်နက်မျိုးပိုင်ဆိုင်ထားဟာ တစ်နိုင်ငံမှ မရှိသေးဘူးလို့ ပူတင်က ပြောဆိုထားတာပါ။

ရုရှားရဲ့ဒုံးကျည်ကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် သူတို့ပြောထားသလောက် အစွမ်း ထက်မှုမျိုးမရှိဘူးလို့ ယူကရိန်းပညာရှင်တွေက အသိပေးထားပါတယ်။ 


Ref: Business Insider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.