ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် လူဦးရေ တစ်သိန်း ရွှေ့ပြောင်း၊ သေဆုံးသူ ၁၃ ဦး တွေ့ရှိထား

0
83

တိုကျို ၊ ဇန်နဝါရီ ၃

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတစ်သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သေဆုံးသူ ၁၃ ဦး တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို လူနေအိမ် သောင်းနဲ့ချီပြီး ဓာတ်အားလိုင်းပြတ် တောက်သွားခဲ့ရတာပါ။

ပြိုကျသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေထဲကနေ အလောင်းတွေကို ဆွဲထုတ်ယူခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်နိုင်ငံရဲ့ ရှည်လျားတဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ တစ်မီတာမြင့်တဲ့ လှိုင်းလုံးတွေဖြစ်ပေါ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာပါ လှိုင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရက ငလျင်ကြောင့် အဓိကကျွန်းကြီးဖြစ်တဲ့ ဟိုရှူရဲ့ အနောက်ဖက် ကမ်းရိုးတန်းက ဒေသခံ ၁ သိန်းလောက်ကို ဘေးကင်းရာရွှေ့ပေးထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းလေဆိပ်တစ်ခုရဲ့ လေယာဉ်ပြေးလမ်းမှာ အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်ခဲ့တာ ကြောင့် ပိတ်ထားခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအတွက် စစ်သားတွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။

အီရှီကာဝါဒေသ ရှီကာမြို့မှာ အဆောက်အအဦးတစ်ခုပြိုကျသွားပြီးနောက် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို ကိုးကားပြီး NTV သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် အီရှီကာဝါဒေသမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦး နဲ့ လူငယ်တစ်ဦးအပြင် အသက် ၇၀ ကျော်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့တယ်လို့ Kyodo News သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Asahiသတင်းစာပါ သတင်း တစ်ရပ်မှာ အသက် ၉၀ကျော် အရွယ် အမျိုးသား တစ်ဦးကို အဆောက်အဦး အပျက်အစီးတွေကြားက ဆွဲထုတ်ပြီး ဆေးရုံတင်နိုင်ခဲ့ပေမယ့် ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

လတ်တလောမှာ လမ်းပိတ်ဆို့မှုတွေကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အဆိုးရွားဆုံး ထိခိုက်ရာ ဒေသတွေဆီ ရောက်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သတင်းထောက်တွေကို ပြောထားပါတယ်။

ငလျင်လှုပ်ခတ်မှုပြီးနောက် တီဗီဖန်သားပြင်တွေမှာ ဆူနာမီဘေးကင်းရာ ပြောင်းကြဆိုတဲ့ အဝါရောင်တောက်တောက်နဲ့ဖော်ပြထားတဲ့ မက်ဆေ့ချ်တွေ ပေါ်လာခဲ့သလို ရုရှားနဲ့ မြောက်ကိုရီးယားက ဒေသတွေမှာလည်း ဂျပန်ငလျင်ကြောင့် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဂျပန်ကို လိုအပ်တဲ့အကူအညီတွေပေးဖို့ အသင့်ရှိတယ်လို့ ကြေညာထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.