ရန်ကုန်၊ အောက်တိုဘာ(၁၀)
စစ်ကောင်စီလက်အောက်ခံ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အစိုးရဌာနနဲ့ အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားတွေရဲ့ လုပ်ခတွေကို တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ ကျပ် ၄၈၀၀ အစား အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုထပ်မံ ခံစားခွင့်ပြုတယ်ဆိုပြီး ပြီးခဲ့တဲ့အောက်တို ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် CMP စက်ရုံနဲ့ အလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိုလည်း အောက်တိုဘာ ၁ ရက်နေ့ကစပြီး အနည်းဆုံးအခကြေးငွေ အလုပ်ချိန် ၈ နာရီအတွက် သတ်မှတ်ထားတဲ့ ကျပ် ၄၈၀၀ အစားအပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်မံခံစားခွင့်ပြုတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက အပိုထောက်ပံ့ကြေးလို့ အသုံးပြုထားတဲ့အတွက် အချိန်ပိုကြေးရှင်းတဲ့နေရာမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေဖြစ်ပေါ်နေပြီး အလုပ်သမားတွေတောင်းဆိုထားတဲ့ အနိမ့်ဆုံးလစာကို တိုးမြှင့်မပေးဘဲ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ သာပေးတာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
“သူတို့ရဲ့ကြေညာချက်မှာ ထောက်ပံ့ကြေးလို့ သုံးထားတာဗျ။ ထောက်ပံ့ကြေးလို့သုံးထားတဲ့အတွက်ကို သူကအခြေခံလစာမဟုတ်ဘဲ ဒီအလုပ်သမားတွေမှာ ဘာပြဿနာရှိသွားနိုင်လဲဆိုတော့ OT ကိစ္စရှင်းတဲ့အခါမှာ လုပ်ငန်းရှင်က (၄၈၀၀)နဲ့ ရှင်းတဲ့ကိစ္စတွေ ဖြစ်လာနိုင်တာပေါ့ဗျာ။ ကျွန်တော်တို့က အ နိမ့်ဆုံးလုပ်ခလစာ ပြဋ္ဌာန်းတဲ့အချိန်မှာတုန်းက ဒေါ်လာဈေးက ၁၃၅၀။ အဲဒီတော့ ဒီနေ့ကုန်ဈေးနှုန်းတွေကလည်း ကြီးတယ်။ လူနေမှုစရိတ်တွေကလည်း မြင့်တက်တဲ့အတွက်ကို ကျွန်တော်တို့က ဒီနေ့ဗဟိုဘဏ်က သတ်မှတ်တဲ့ဈေးနဲ့ (၃.၅) ဒေါ်လာကို မြှောက်ပြီးတော့ ကျွန်တော်တို့က (၇၄၀၀)ပေါ့ဗျာ။ (၇၅၀၀) ပေးဖို့ ကျွန်တော်တို့က တောင်းဆိုတာပေါ့။ အဲဒါကိုအခု ထောက်ပံ့ကြေး (၁၀၀၀) ဆိုပြီးတော့ မရှင်းလင်းတဲ့ကိစ္စလိုမျိုး လုပ်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့ဗျာ”လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်က အနိမ့်ဆုံးလုပ်ခလစာနှုန်းထားတွေ သတ်မှတ်တဲ့နေရာမှာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရသုံးပွင့်ဆိုင်ဆွေးနွေးပြီးတော့မှ သတ်မှတ်တာဖြစ်ပေမယ့် လက်ရှိမှာ ဆွေးနွေးခြင်းမရှိသလို တောင်းဆိုထားတဲ့ လုပ်ခလစာကို မပေးချင်တာကြောင့် အခုလိုထောက်ပံ့ကြေးခေါင်းစဉ်နဲ့ တဖက်လှည့်လုပ်ဆောင်တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း လုပ်ခလစာတွေကို တရားဝင်တိုးမြှင့်တယ်လို့ မကြေညာဘဲ ဆုကြေးပုံစံမျိုးထုတ်ပြန်တာဟာ မဖြစ်သင့်သလို တိုးပေးလိုက်တဲ့ ကျပ် ၁၀၀၀ ဟာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ လောက်ငှမှုရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“အမှန်မှာဆိုလို့ရှိရင် တရားဝင်ကို ထုတ်ပြန်သင့်တယ်။ လုပ်ခလစာပုံမှန် ဘယ်လောက်တိုးပါတယ်ဆိုတဲ့ဟာကိုလည်း တရားဝင်ကိုထုတ်ပြန်ရမှာ။ မထုတ်ပြန်ပဲနဲ့ အပိုဆုကြေးပုံစံမျိုးသွားတာတော့ ပုံမှန်မဟုတ်ဘူးပေါ့။ အလုပ်သမားတွေခေါ်တဲ့အချိန်မှာ စာချုပ်မှာထဲက တရားဝင်လုပ်ပေးရမယ့်ဟာကို လုပ်အားလစာကို အလုပ်သမားဥပဒေမှာ တိုက်ရိုက်သွားရမယ့်ဟာကို သူတို့ကအဲဒီလို မသွားဘဲနဲ့ အ လုပ်သမားတွေကို အပိုဘောက်ဆူးပေးတဲ့ပုံစံမျိုးလေးနဲ့ လုပ်တာဟာ အမှန်ဆိုမဖြစ်သင့်ဘူးလေ။ သူက (၁၀၀၀) ပေးလိုက်တာပဲရှိတယ်၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့က ဘယ်လိုမှကိုလောက်ငှမှာလည်း မဟုတ်ဘူး။ အနည်းဆုံး အလုပ်သမားတွေအတွက် အခြေခံလစာကို အနည်းဆုံး (၁၀၀၀၀) လောက် ဖြစ်တယ်ဆိုလို့ရှိရင် သူတို့လည်းရပ်တည်လို့ ရနိုင်တယ်ပေါ့နော်။ ဒီတိုးလိုက်တဲ့ ငွေပမာဏက ဘယ်လောက်ကြီးပဲ တိုးတယ်ပြောပြော တဖက်ကကုန်ဈေးနှုန်းကို မထိန်းသိမ်းနိုင်လို့ရှိရင် အရာမထင်ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လက်ရှိထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ဟာ ရှင်းလင်းမှုမရှိဘဲ အပိုထောက်ပံ့ကြေးလို့သာ သုံးနှုန်းထားတာကြောင့် အလုပ်သမားနဲ့ အလုပ် ရှင်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ နေ့စားအလုပ်သမားတွေကို အခြေခံလုပ်ခလစာနှုန်းထားနဲ့ ထောက်ပံ့ကြေးကို ကွဲကွဲပြားပြားချပြဖို့လိုသလို ချပြမှသာအလုပ်သမားနဲ့အလုပ်ရှင်ကြားမှာ အငြင်းပွားမှုတွေမဖြစ်ပေါ်မှာ ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် မေလမှာတော့ အနည်းဆုံးအခကြေးငွေနှုန်းထားကို တစ်ရက် ၄၈၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို နှစ်နှစ်တကြိမ် ပြင်ဆင်ဖို့ ပြဌာန်းထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီကနေ့အထိ မပြင်ဆင်နိုင်သေးဘဲ ၅ နှစ်အတွင်း တစ်ရက် ၄၈၀၀ ကျပ်သာ ရှိတဲ့အပေါ် စစ်ကောင်စီက အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးမြှင့်ပေးခဲ့တာပါ။
စစ်ကောင်စီရဲ့ လုပ်ခလစာအစား အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးမြှင့်ပေးထားပေမယ့် အဆမတန် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အခြေခံလူတန်းစား အလုပ်သမားတွေ အလူးအလဲခံစားနေကြရတာပါ။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ကတော့ ပြည်တွင်းရှိစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ တစ်ရက်တစ်သောင်းကျပ်ထိ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့နှစ် မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

