ညောင်လေးပင်၊ အောက်တိုဘာ(၁၀)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က KNU ကျောက်ကြီးမြို့နယ်မှာ သူဌေးကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် တောင်ခင်ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ကလည်း KNU မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗမာငတိုးခင်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ KNU ရွှေကျင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ်အဖွားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းကလည်း KNU မုန်းမြို့နယ် ၊ ရွှေဝါမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ငတိုးခင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်ရှိကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုတွေဟာ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးမှုတွေ၊ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးနေရမှုတွေ ကြုံတွေ့နေခဲ့ရပြီး ကြောက်ရွံ့ထိတ်လန့်စွာနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ထုတ်ပြန်ထားတဲ့စာတမ်းအရ စစ်တပ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သား နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.