“မြန်မာပြည်မှာက စစ်ရေးကပိုမိုကြီးထွားလာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေ အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ ကြီးထွားလာပါတယ်”
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူအပေါ် ပစ်မှတ် ထားပြီး ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းပစ်ချ တိုက်ခိုက်တာတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေလျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်တွေ ဆက် တိုက်ကျူးလွန်နေတာပါ။ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ယက်(KPSN) ပြောခွင့်ရ စောလေးကပေါ်နဲ့ ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံး ကေအဲန်ယူနယ်မြေအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေက ဘယ်လိုရှိလဲ။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက နေ့တိုင်းလိုလိုဖြစ်နေတယ်။ အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေ၊ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပရမ်းပတာပစ်ခတ်တာ၊ လေယာဉ်နဲ့ပစ်ခတ်တာတွေကတော့ သူတို့ ပုံမှန်လုပ်ဆောင်နေကျဖြစ်တယ်။ ရွာတွေထဲရောက်လာရင် ပြည်သူတွေအပေါ်မှာ ဒုက္ခပေးတဲ့ဟာတွေပေါ့။ မတရားဖမ်း ညှင်းပန်းနှိပ်စက်တာတွေ စွပ်စွဲတာတွေလုပ်တယ်။ ပြည်သူတွေမှာရှိတာတွေ ယူဆောင်တယ်။ လုလို့မရရင် ဖျက်ဆီးနေတာတွေကို ကျွန်တော်တို့ တွေ့နေရတယ်။
၂။ လက်ရှိမှာရော စစ်ရေးအနေအထားက ဘယ်လိုတွေ့နေရလဲ၊ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင် လှုပ်ရှားမှုက ဘယ်လိုရှိလဲ။
စစ်ရေးကတော့ KNUနယ်မြေထဲမှာ တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ကောင်စီကတော့ မြေပြင်မှာဆက်တိုက် ရှုံးနိမ့်နေတယ်။ သူတို့ခြေကုပ်စခန်းကို ဆုံးရှုံးနေတာတွေက ပိုမိုပြီးများပြားလာတဲ့အတွက်ကြောင့် သူတို့က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ အင်အားသုံးပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ဒါတွေပဲ လုပ်ဆောင် နေတာတွေ ကျွန်တော်တို့တွေ့တယ်။ လက်နက်ကြီးနဲ့လေယာဉ်တွေကတော့ သူတို့ကပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး ရှိနေတဲ့အတွက်ကြောင့်လည်း ပြည်သူတွေတော်တော်လေးကို ဒုက္ခရောက်နေ ပါတယ်။
၃။ ဒီနောက်ပိုင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထဲမှာ အရပ်သားထိခိုက်သေဆုံးမှု ပိုများလာတာ တွေ့ရပါတယ်။ မြေပြင်မှာ ဘယ်လိုအခြေအနေတွေအထိ ဖြစ်ပေါ်နေလဲ။
ညောင်လေးပင်ခရိုင်မှာဆို လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ ခြေကုပ်စခန်းက ကျဆုံးသွားပါပြီ။ KNUနဲ့ပူးပေါင်းအ ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သူတို့ခြေကုပ်စခန်းတွေ ဆုံးရှုံးသွားလို့ သူတို့လက်နက်ကြီးတွေနဲ့ မတရားကို တုံ့ပြန်နေတာ တွေ့ရတယ်။ လေယာဉ်တွေကလည်း ပြည်သူတွေရှိတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်တာ တွေ တွေ့တယ်။ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလိုကြဲချတာတွေ ရှိနေတဲ့အတွက်ကြောင့် ပြည်သူလူထုက ဒဏ်ရာရသေဆုံးတာတွေ အများဆုံးတွေ့နေရတယ်။ လေယာဉ်နဲ့တိုက်ခိုက်မှုအပေါ် နိုင်ငံတကာအနေနဲ့ ဘာမှ တ့ုံပြန်မှုမရှိတဲ့အတွက် ရွာသားတွေကို သူတို့လုပ်ချင်တိုင်း လုပ်လို့ရတယ်။
နောက်တစ်ခုက ရွာတွေထဲကို ဝင်တယ်။ ဝင်စီးတယ်။ ဓါးပြတိုက်သလိုမျိုးပေါ့။ ပြည်သူတွေကို မတရားဖမ်း တယ်။ ခြိမ်းခြောက်တယ်။ ရွာတွေထဲရောက်ရင် ပြည်သူတွေပိုင်တဲ့ဟာတွေကို လုယူတာတွေက သူတို့အမြဲ တမ်းလုပ်ဆောင်တဲ့ အရာတွေဖြစ်တယ်။ ပြည်သူတွေလိုအပ်တဲ့ စားနပ်ရိက္ခာကို ဝယ်ယူသယ်ဆောင်တဲ့အခါ မှာလည်း သူတို့ရှိတဲ့နေရာနဲ့တိုးရင် အမျိုးမျိုးစစ်ဆေး ဒုက္ခပေးတယ်။ မတရားလုယူသိမ်းဆည်းတာတွေ ပုံစံအမျိုးမျိုးနဲ့ ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ဆောင်နေတာတွေ တွေ့ရတယ်။ လက်နက်ကြီးထိတဲ့ ပြည် သူတွေ ဆေးရုံဆေးခန်းမရောက်နိုင်အောင် ထိခိုက်ဒဏ်ရာရတဲ့ စစ်ဘေးရှောင်တွေကို ကုသလို့မရအောင် ဆေးဝါးတွေ ဝယ်လို့မရနိုင်အောင် သူတို့နည်းမျိုးစုံနဲ့ ပိတ်ဆို့လုပ်ဆောင်တာတွေ ကျွန်တော်တို့ တွေ့နေရပါတယ်။
၄။ KNU ညောင်လေးပင်ခရိုင် တစ်ခုထဲမှာပဲ စစ်ရှောင် ၂ သိန်းကျော်အထိ ရှိလာပြီလို့ သိရပါတယ်။ လက်ရှိ စစ်ဘေးရှောင်ရဲ့ အခြေအနေလေး ပြောပြပေးပါဦး။
တပ်မဟာ၃နယ်မြေမှာ စစ်ဘေးရှောင်နှစ်သိန်းကျော် ရှိနေပါပြီ။ စစ်ဘေးရှောင်တွေကလည်း လုံခြုံတဲ့တောတွေ တောင်တွေထဲမှာ ခိုလှုံနေရတဲ့အတွက်ကြောင့် လုံခြုံစွာနေနိုင်ဖို့ အမိုးအကာကောင်းကောင်းနဲ့ မနေနိုင်ဘူး။ ဖြစ်သလိုနေရတဲ့အတွက်ကြောင့်၊ စစ်ဘေးရှောင်တွေကလည်း နေ့တိုင်းတိုးလာတဲ့အတွက်ကြောင့် အစားအ သောက်အတွက် ဒုက္ခများလာတယ်။ ဆေးဝါးမလုံလောက်တာ၊ ဆရာဝန်တွေ မလုံလောက်တာတွေ တွေ့နေရလို့ ထိခိုက်ဒဏ်ရာရတာတွေလည်း တော်တော်လေးကို တွေ့နေရပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အို တွေကလည်း ဒီလိုမျိုး လုံခြုံစွာမနေရလို့၊ အစားအသောက် မလုံလောက်မှုတွေကြောင့် ကြားထဲမှာပိုမို ဒုက္ခ ရောက် နေပါတယ်။ ပြည်သူတွေထဲမှာ။ ထွက်ပြေးတာတွေ ပိုမိုများပြားလာတော့ ရေရှည်ထောက်ပံ့နေရတော့ လက်ရှိမှာ ခက်ခဲလာတာတွေ ကျွန်တော်တို့ အများကြီးကြုံနေရတယ်။
စားရေးသောက်ရေးက မလွယ်တာ။ ကုန်ဈေးနှုန်း မတရားကြီးလာတာရော၊ ပုံမှန်အလှူရှင်လည်း မရှိတာကြောင့် စစ်ရှောင်ကအခုချိန်မှာ နှစ်သိန်းတောင်ကျော်သွားပြီ တပ်မဟာ၃တစ်ခုတည်းမှာပဲလေ။ စစ်ဘေးရှောင်တွေက တော်တော်လေးဒုက္ခရောက်နေကြတယ်။ သူတို့စိုက်ပျိုးရေးလုပ်ငန်းက လုံးဝပစ်ထားခဲ့ရတော့ လက်ရှိအနေအထားမျိုးမှာ တချို့စစ်ရှောင်တွေဆို နှစ်ချီနေပြီ။ သူတို့ထွက်ပြေးရတဲ့အချိန်ကနေ အခုချိန်ထိ လုံးဝရွာကို မပြန်နိုင်တာရှိနေတယ်။
၅။ နောက်ဆုံးအနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ဘေးရှောင်ရေးကို အလေးထားကူညီပေးစေလိုပါတယ်။ တိကျတဲ့ လူသားချင်းစာနာမှု အထောက်အကူပြုမှုတွေကို ပံ့ပိုးကူညီလုပ်ဆောင်ပေးစေလိုပါတယ်။ မြန်မာပြည်မှာက စစ်ရေးကပိုမိုကြီးထွားလာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေ အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ ကြီးထွားလာနိုင်ပါတယ်။ စစ်ဘေးရှောင်တွေက သူတို့နေထိုင်တဲ့ဒေသတွေကို တော်တော်နဲ့ ပြန်နိုင်သေးမှာ မဟုတ်တဲ့အတွက် အကူအညီကို ကျွန်တော်တို့ ရေရှည်ကူညီပေးနိုင်တဲ့အစီအစဉ်များနဲ့လည်း လုပ်ဆောင်ပေးစေလိုပါတယ်။ ကူညီတဲ့အခါမှာ နယ်စပ်ဖြတ်ကျော် ကူညီပေးမှုကတဆင့် အများဆုံးသွားနေတဲ့အတွက် နယ် စပ်ဖြတ်ကျော်ပံ့ပိုးပေးနိုင်တဲ့ အကူအညီတွေကို ပိုမိုတိုးမြင့်လုပ်ဆောင်စေလိုပါတယ်။
ပြည်တွင်းမှာရှိတဲ့သူတွေက စစ်ဘေးရှောင်တွေကို ပံ့ပိုးကူညီနိုင်မှု အင်မတန်အားနည်းတယ်။ စစ်ဘေးရှောင် တွေဆီ ပြည်တွင်းကလူတွေသွားနိုင်ဖို့ စကစကနေ မျိုးစုံခြိမ်းခြောက်ဟန့်တားလုပ်ဆောင်နေတဲ့ အတွက် ကြောင့်လည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေကို လူထုတင်ပြတဲ့အခါ မှာလည်း တကယ့်လက်ရှိမြေပြင်မှာရှိနေတဲ့ အရေအတွက်ထက်များစွာ အဆမတန်နည်းပါးနေတဲ့အတွက်ကြောင့် သူတို့အနေနဲ့ စာရင်းပြုစုတဲ့အခါမှာလည်း သေချာစွာ လုပ်ဆောင်ပေးစေလိုပါတယ်။
တကယ့်မြေပြင်နဲ့ရှိနေတဲ့အရေအတွက်နဲ့ တကယ့်သူတို့တင်ပြတဲ့ အရေအတွက်က ကွဲပြားမှုရှိနေတဲ့အခါ နိုင်ငံတကာရဲ့စစ်ဘေးရှောင်တွေအပေါ်မှာ ပံ့ပိုးပေးနိုင်မှုတွေကလည်း များစွာအထောက်အကူပြုလာနိုင်တာကြောင့် သူတို့အနေနဲ့ သေချာစွာစစ်ဆေးလုပ်ဆောင်ပေးကြဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။

