မြောက်ကိုရီးယားရဲ့ အာကာသ ဒုံးပျံအပျက်အစီးတွေကို တောင်ကိုရီးယားစစ်တပ် ဆယ်ယူ

0
3840

ဆိုးလ် – ဇွန်(၁၇) 

ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့မြောက်ကိုရီးယားရဲ့အာကာသဒုံးပျံအပျက်အစီးတွေကို (၁၅) ရက်ကြာရှုပ်ထွေးတဲ့ ဆယ်ယူရေးလုပ်ငန်းတွေ ပြုလုပ်ခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့က မြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးဂြိုလ်တုကို ပတ်လမ်း အတွင်းလွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒုံးကျည်ရဲ့ ဝန်အားချို့ယွင်းမှုကြောင့် ပစ်လွှတ်ပြီး မကြာခင်မှာဘဲ ပင်လယ်ထဲကို ပျက်သွားသွားခဲ့တာပါ။ 

ရေတပ်ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ မိုင်းရှင်းလင်းရေး သမားတွေအပြင် ဒါဇင်နဲ့ ချီတဲ့ ရေငုပ် သမားတွေကို ဖြန့်ကျက်ချထားပြီးနောက် ပင်လယ်ဝါထဲက ဒုံးပျံရဲ့ အဓိက ကိုယ်ထည်ဖြစ်ပုံရတဲ့ အရာကို ဆယ်ယူနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ 

“သိမ်းဆည်းရမိတဲ့ ပစ္စည်းကို အမျိုးသားကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီလိုမျိုး အထူးပြုတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာဖို့ စီစဉ်ထားပါတယ်” လို့ ပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အီယိုချွမ်ကျွန်းရဲ့ အနောက်တောငိဘက် ကီလိုမီတာ(၂၀၀) အကွာ ရေအနက် (၇၅) မီတာခန့်က ပင်လယ်ကြမ်းပြင်က ဆွဲထုတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

ပစ်လွှတ်ပြီးမကြာခင်မှာဘဲ အပျက်အစီးတွေကို စတင်တွေ့ရှိခဲ့ပြီး စစ်ဆင်ရေးဟာ ပြင်းထန်တဲ့ ဒီရေတက်တာနဲ့ ဆိုးရွားတဲ့ မြင်ကွင်းကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စစ်တပ်မှ ရေယာဉ် (၁၀) စင်းနဲ့ ရေငုပ်သမား ဒါဇင်ပေါင်းများစွာကို စေလွှတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

တောင်ကိုရီးယား သိပ္ပံနဲ့ နည်းပညာမူဝါဒ အင်စတီကျူရဲ့ ဂုဏ်ထူးဆောင် သုတေသန လုပ်ဖော် ကိုင်ဖက်ဖြစ်တဲ့ လီချွန်ဂျွမ်းက အဲဒီအရာဝတ္ထုဟာ ဆီတိုင်ကီဖြစ်ပုံရတယ်လို့ ဆိုခဲ့ပြီး စစ်တပ်က အဲဒီတိုက်ကီနဲ့ ချိတ်ဆက်ထားတဲ့ အင်ဂျင်ကို ရှာဖွေတွေ့ရှိပါက မြောက်ကိုရီးယား ဒုံးပျံအင်ဂျင် အသစ်ရဲ့ အစိတ်အပိုင်းတချို့ကို ရှောဖွေတွေ့ရှိနိုင်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ကိုရီးယား အာကာသပညာတက္ကသိုလ် ပါမောက္ခ ချမ်ယွန်ကျူးက အပျက်အစီးတွေဟာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)ရဲ့ နည်းပညာတိုးတက်မှုကိုအနည်း ငယ်သိနိုင်ပီး နောက်ထပ် ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်မှုဖြစ်နိုင်ချေရှိတဲ့ နိုင်ငံရပ်ခြားက အစိတ်အပိုင်းတွေကို ဝယ်ယူထားတာရှိမရှိကိုလည်း သိနိုင်တယ်လို့ ဆိုခဲ့ပါတယ်။  

သိပ္ပံပညာရှင်တွေက ပြုံယမ်းရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ဂြိုလ်တုစောင့်ကြည့်ရေး အစီအစဉ်တွေကို စူးစမ်းလေ့လာနိုင်စေဖို့ ကူညီပေးနိုင်တဲ့အတွက် တောင်ကိုရီးယားက အပျက်အစီးတွေကို ပြန်လည်ဆယ်ယူဖို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကြာက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

မြောက်ကိုရီးယားဟာ ဒေသတွင်းမှာ ကြီးထွားလာနေတဲ့ အမေရိကန်စစ်တပ်ရဲ့ တည်ရှိမှုကို ဟန်ချက်ထိန်းညှိနိုင်စေဖို့အတွက် သူတို့ရဲ့ စစ်ထောက်လှမ်းရေး ဂြိုလ်တုကို လိုအပ်တယ်လို့ ပြောထားပါတယ်။ 

ခေါင်းဆောင်ကင်ဂျုံအန်းက သူ့ရဲ့နိုင်ငံကို နျူကလီးယား ပိုင်ဆိုင်ထားတဲ့ နိုင်ငံအဖြစ် ကြေညာ ခဲ့ကာ နျူကလီးယားလက်နက်တွေ အပါအဝင် တခြားသော လက်နက်တွေ အရှိန်မြှင့် ထုတ်လုပ် ဖို့ ပြောဆိုခဲ့တဲ့အတွက် ကိုရီးယား နှစ်နိုင်ငံကြားဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ အတွင်း အနိမ့် ဆုံး အဆင့်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.