“စစ်ကောင်စီဘက်က ကျွန်တော်မြင်တာကိုပြောရရင် သူတို့ရဲ့ စခန်း၊သူတို့ရဲ့ရုံးတွေကိုပဲ အဓိက ပြင်ဆင်နေတာတွေ့ရပါတယ်။ ရခိုင်ပြည်ပြန်လည်ထူထောင်ရေးအတွက် အယောက် ၂၀၀ ကျော် ပို့တယ်။ အဲဒါက စစ်တပ်ရဲ့ ဧရိယာဝင်းထဲမှာပဲ သူတို့ရဲ့တပ်စခန်းသူတို့ရဲ့ ရုံးတွေကိုပဲ အဓိက ပြင်ဆင်နေကြတာ”
စစ်ကောင်စီရဲ့ စီမံမှုအလွဲတွေနဲ့ ရတက်မအေးရတဲ့ မုန်တိုင်းဒဏ်သင့်ဘဝများ
သံလွင်တိုင်းမ်/ ထက်ထက်အောင်
မြန်မာနိုင်ငံမှာ (၁၅)နှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းအဖြစ် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအလွန် တစ်လနီးပါးကြာမြင့်တဲ့ အချိန်အထိ မုန်တိုင်းဘေးသင့်ဒေသတွေက ပြည်သူတွေဟာ အမိုးအကာတွေအောက်ကို လုံလောက်စွာမရာက်ရှိနိုင်သေးဘဲ စိတ်ပိုင်း၊ရုပ်ပိုင်းလုံခြုံမှုကင်းမဲ့စွာနေ ထိုင်နေရဆဲဖြစ်ပါတယ်။
မေလဒုတိယပတ်ရဲ့ နောက်ဆုံးရက် ဖြစ်တဲ့ မေ(၁၄)ရက်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဟာ အရင်က တိုက်ခတ်ခဲ့ဖူးတဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းလို ဖျက်အားပြင်းထန်ပြီး ထိခိုက်မှုတွေလည်း ပိုမိုများပြားခဲ့တာပါ။
အခုအချိန်အထိ မိုခါကြောင့်သေဆုံးရသူစုစုပေါင်းဟာ တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ၄၃၅ ဦးအထိ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အတည်ပြုထားပါတယ်။
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး မိုခါကြောင့် အထိခိုက်ခံခဲ့ရဆုံးဒေသကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပြီး ဒေသရဲ့ ၉၀ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်ဆီးခဲ့ရတာပါ။
ဒီလိုပျက်စီးမှုတွေကြားက စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် မုန်တိုင်းသင့်ပြည်သူတွေရဲ့ အခြေနေဟာ ပိုဆိုးလာခဲ့ပါတယ်။
မိုခါမုန်တိုင်း မတိုက်ခတ်ခင် ၁၀ရက်ခန့် အလိုကတည်းက ပြည်တွင်းမိုးလေဝသပညာရှင်တွေ၊ နိုင်ငံတကာ မိုးလေဝသ ဌာနတွေဖြစ်ကြတဲ့ JMA/NOAA/CIRA, Himawariတို့အပါအဝင် အမေရိကန်ရေတပ် မုန်တိုင်းသတိပေးစင်တာ JTWC နဲ့ မိုး/ဇလ ဆိုင်ရာ အဖွဲ့အစည်းတွေက မုန်တိုင်းဟာ တစ်နာရီကို ၁၂၅မိုင်အထိ လေတိုက်နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီက သတိပေးမှုတွေ လုပ်ဆောင်တာလည်း အားနည်းခဲ့သလို ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ရာမှလည်း ပွင့်လင်းမြင်သာမှု အားနည်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တကယ်တမ်း မိုခါမုန်တိုင်း တိုက်ခတ်ချိန်မှာတော့ မုန်တိုင်းဗဟိုချက်ဖြစ်တဲ့ ရခိုင်မြောက်ပိုင်းကို လေတိုက်နှုန်းတစ်နာရီကို ၁၃၇ မိုင်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ဒေသတစ်ခုလုံးနီးပါး ပျက်ဆီးခဲ့ရပါတယ်။
မုန်တိုင်းကြားက အပျက်အစီးများ
ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်းဝင်ရောက်လို့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မြေပုံမြို့နယ်တွေနဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ( ၁၁) အရ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် မေလ (၁၅)ရက်နေ့နဲ့ (၁၆)ရက်နေ့တွေမှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၁၃၀၀ ကျော်နဲ့ ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲတွေများစွာဟာ အမိုး၊အကာတွေ ပွင့်ထွက်ပျက်စီးသွားခဲ့ရပြီး စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်း၊လူနေအိမ်၊ဘာသာရေးအဆောက် အဦးစတဲ့ အဆောက်အအုံ စုစုပေါင်း ၂၅၀,၀၀၀ ဝန်းကျင်ကတော့ လုံးဝနီးပါးပျက်စီးသွားခဲ့တယ်တယ်လို့ စစ်ကောင်စီက အတည်ပြုထားပါတယ်။
အဲဒီလို အဆောက်အအုံတွေကို စစ်ကောင်စီက ပြန်လည်ပြုပြင် တည်ဆောက်ပေးနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ အခုအချိန်အထိ လာရောက်ပြုပြင်ပေးတာနဲ့ အရေးပေါ်ကူညီပေးတာမျိုးလည်း မတွေ့ရဘူးလို့ ဆရာ၊ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းကတော့ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတွေကို ဝန်ကြီးဌာနတွေက ပြင်ဆင်နေပေမယ့် ပြီးစီးတဲ့အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ရခိုင်မြောက်ပိုင်းဟာ တစ်နိုင်မွေးမြူရေးအဖြစ် ကျွဲ၊နွားတွေမွေးမြူလေ့ရှိပြီး အဓိက မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ ပုစွန်ကန်နဲ့ ငါးကန်တွေ၊ နေလှန်းဆားကွင်းတွေ၊ ဥယျာဉ်ခြံမြေလုပ်ငန်းတွေ အကုန်လုံးဟာ မိုခါမုန်တိုင်းတိုက်ခတ်လို့ လေဒဏ်၊ရေဒဏ်နဲ့ ဆားငန်ရေဝင်ရောက်မှုကြောင့် ပျက်ဆီးခဲ့ရပါတယ်။
ရခိုင်မြောက်ပိုင်းမှာရှိတဲ့ တံငါရွာအများစုဟာလည်း ငါးဖမ်းရာမှာအသုံးပြုတဲ့ လှေတွေ၊ပိုက်ကွန်တွေ အစရှိတဲ့ ရေလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းသုံး ပစ္စည်းတွေ ပင်လယ်ထဲမျောပါပြီး ထိခိုက်ဆုံးရှုံးခဲ့ရသလို အခြေခံလူတန်းစားတွေရဲ့ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ဂဏန်းရှာ၊ဂုံးကောက်၊ခရုဖမ်း စတဲ့ သဘာဝပတ်ဝန်းကျင်ကို အခြေခံပြီး လုပ်ကိုင်ရတဲ့ အလုပ်တွေလည်း ထိခိုက်ကုန်ကြရပါတယ်။
ရခိုင်မြောက်ပိုင်းအတွက် ကုန်စည်စီးဆင်းမှုမှာ အရေးပါတဲ့ စစ်တွေမြို့မဈေးကြီးနဲ့ မြို့မဈေး သစ်အပါအဝင် ပြိုပျက်သွားခဲ့တဲ့ စစ်တွေမြို့က ဈေးတွေကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အခုအချိန်အထိ ပြန်လည် မပြုပြင်သေးဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။
ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် ဈေးတွေအပါအဝင်မြို့အများစုထိခိုက်ပျက်စီးသွားခဲ့တာ ငွေကျပ် ဘီလီယံချီတယ်လို့တော့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အခုကျောင်းဖွင့်ရာသီမှာ ကျောင်းတွေကို မဖြစ်မနေရ ဖွင့်ကြရမယ်လို့ ညွှန်ကြားလာလို့ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ ခိုင်ခံ့မှုစိတ်မချရတဲ့ စာသင်ကျောင်းတွေမှာ ဆရာတွေနဲ့ ကျောင်းသားတွေဟာ အမိုးအကာအလုံအလောက်မရှိဘဲ စာသင်ကြားနေကြရတယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ အခြေခံပညာအဆင့် ကျောင်းသူ၊ကျောင်းသားပေါင်း ၅၀၀,၀၀၀ ကျော်ရှိပြီး မေလ ၃၀ ရက်နေ့အထိ ကျောင်းသား ၃၀၀,၀၀၀ ကျော်ကို ကျောင်းအပ်လက်ခံပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မိုးရာသီမှာ အမိုးအကာ မဲ့နေသူများ
မုန်တိုင်းအလွန်မှာ အလိုအပ်ဆုံးဖြစ်တဲ့ အမိုးအကာအောက်ကို မုန်တိုင်းသင့်သူတွေ အကုန်လုံး ရောက်ရှိဖို့အရေးကိုတောင် မဆောင်ရွက်နိုင်သေးရင် တခြားကိစ္စတွေဟာ ပိုမိုခက်ခဲနိုင်တယ်လို့ ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ ဦးဖေသန်းက ဆိုပါတယ်။
“ပြန်လည်ထူထောင်ရေးက အများကြီးလိုအပ်ချက်တွေ ရှိနေတယ်။ မဖူလုံသေးဘူး။ အကုန်လုံး အမိုးအကာအောက် မရောက်ရှိနိုင်သေးဘူး။ သူတို့မှာ အလုပ်အကိုင်မရှိ၊လုပ်ငန်းတွေ ပျက်ဆီးတာနဲ့ သူတို့စားဝတ်နေရေးခက်နေတယ်။ ပြန်လည်ထူထောင်ရေးအပိုင်းမှာလည်း ကူညီတာမတွေ့ရသေးဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အိမ်တွေဆိုပြင်နေရတယ်။ ပျက်ဆီးမှုကများတဲ့ အခါကျတော့ လိုက်မမီဘူးပေါ့။ နိုင်ငံတကာနဲ့ အစိုးရရဲ့ အကူအညီလိုတယ်”လို့ သူက ဆိုပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေဟာ အမိုးအကာအလုံအလောက်မရရှိသေးတာဟာ စစ်ကောင်စီက သူတို့ရဲ့ တပ်စခန်းတွေကိုသာ အဓိက ပြင်ဆင်နေတာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုလာကြပါတယ်။
“စစ်ကောင်စီဘက်က ကျွန်တော်မြင်တာကိုပြောရရင် သူတို့ရဲ့ စခန်း၊သူတို့ရဲ့ရုံးတွေကိုပဲ အဓိက ပြင်ဆင်နေတာတွေ့ရပါတယ်။ ရခိုင်ပြည်ပြန်လည်ထူထောင်ရေးအတွက် အယောက် ၂၀၀ ကျော် ပို့တယ်။ အဲဒါက စစ်တပ်ရဲ့ ဧရိယာဝင်းထဲမှာပဲ သူတို့ရဲ့တပ်စခန်းသူတို့ရဲ့ ရုံးတွေကိုပဲ အဓိက ပြင်ဆင်နေကြတာ။ တကယ့်တကယ် မြေပြင်ကို အခုအချိန်အထိဘယ်သူမှ မဆင်းသေးဘူး။သူတို့ရဲ့ တပ်ဧရိယာထဲမှာ၊ဝန်ထမ်းအိမ်ရာတွေ ထဲမှာပဲ သူတို့ရှိနေကြတာ။အစိုးရကလာပေးတယ်တဲ့ တစ်အိမ်ထောင်ကို သွပ်နှစ်ချပ်တဲ့။ သွပ်နှစ်ချပ်နဲ့က ဘာမှ လုပ်လို့မရဘူး။ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ အစိုးရလို့ ပြောတဲ့လူတွေက တအားကိုနှောင့်နှေးတယ်။ တောရွာအတွက်လည်း မရဘူး။ မြို့ပေါ်အတွက်လည်း ဘာမ မလုပ်ပေးနိုင်ဘူး။ အိမ်တွေပြန်လည် ပြင် ဆင်တာကိုယ်ထူကိုယ်ထလုပ်အမိုးအကာအောက်ကို မရောက်တာအများကြီးရှိတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒါအပြင်ဇွန်လကုန် မိုးဦးကျကာလမှာ ရွာသွန်းနေကျမိုးထက်နှစ်ဆ ပိုမိုရွာသွန်းမယ်ဆိုတဲ့ ရာသီဉတု ခန့်မှန်းချက်တွေကြောင့်လည်း ဒေသခံတွေဟာ နေရာထိုင်ခင်းအတွက် စိုးရိမ်မှု မြင့်တက်လာနေတာပါ။
အညာဒေသရဲ့ထိခိုက်မှု
မိုခါကြောင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာမေလ (၁၃)ရက်နဲ့ (၁၄)ရက်နှစ်ရက်ဆက်တိုက် မိုး သည်းထန်နေချိန်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၁၆,၀၀၀ ခန့်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ဒါ့အပြင် မိုခါမုန်တိုင်းကြောင့် ဒီပဲယင်း၊ ယင်းမာပင်နဲ့ခင်ဦး ဒေသတွေမှာ မေ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက်မိုး အဆက်မပြတ်ရွာခဲ့တာကြောင့် နောက်ဆက်တွဲ ဆုံးရှုံးမှုအဖြစ် ပဲတီစိမ်းခင်းတွေထဲ ရေကြီးပြီး ပျက်ဆီးခဲ့ရပြီး စစ်ကိုင်းတိုင်းက ဒေသတွေက ပဲစိုက်တောင်သူတွေနဲ့ ဥယျာဉ်ခြံစိုက်တောင်သူတွေဟာလည်း အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရပါတယ်။
မုန်တိုင်းမိုးကြောင့် ရေဝင်နစ်မြုပ်ခဲ့ရတဲ့ ပဲခင်းတွေဟာ ဧက ၃,၀၀၀ နီးပါးရှိခဲ့ပါတယ်။ ပဲတီစိမ်းဟာ တစ်တင်းကို ငွေကျပ်ခုနစ်သောင်းပေါက်ဈေးရှိပြီး တစ်ဧကကို တင်း၂၀ခန့် ထွက်ရှိတာပါ။
ဒါကြောင့် တစ်ဧကဆုံးရှုံးမှုဟာ ပျမ်းမျှ ငွေကျပ် ၁၄သိန်း ဝန်းကျင်ခန့်ရှိနေပါတယ်။ ယင်းမာပင်မြို့နယ်မှာတော့ သီးနှံစိုက်ဧကပေါင်း ခုနစ်သောင်းခန့်ပျက်ဆီးခဲ့ပြီး ဒါဟာ တစ်မြို့နယ်လုံးရဲ့ စိုက်ဧက ၇၅ ရာခိုင်နှုန်းခန့်ပျက်ဆီးသွားတာဖြစ်ပါတယ်။
အခုလို သီးနှံတွေပျက်ဆီးကုန်တာကြောင့် တောင်သူတွေဟာ ရောင်းချဖို့ကော စားသုံးဖို့ပါ အခက်ကြုံနေကြရပါတယ်။ အညာဒေသခံတွေဟာ အခြေခံအဆေက်အအုံတွေနဲ့ အသက်မွေး ဝမ်းကြောင်းလုပ်ကိုင်စရာ စိုက်ပျိုးမြေတွေပါ ပျက်ဆီးခဲ့ရတာကြောင့် ပြန်လည်ထူထောင်ရေး အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ များစွာလိုအပ်နေပါတယ်။
တစ်ပူပေါ်နှစ်ပူဆင့် မြင့်တက်လာတဲ့ကုန်ဈေးနှုန်း
အခုအချိန်မှာ အိမ်အမိုးအတွက် သံဖြူတစ်ပေ ၃၅၀၀ ခန့်၊ မိုးကာတစ်ပေ ၃၀၀၀ခန့်အထိ ဈေးမြင့်တက် နေတယ်လို့ အခက်အခဲဖြစ်နေတယ်လည်း သိရပါတယ်။
လတ်တလောမှာတော့ ရခိုင်မြောက်ပိုင်းက မုန်တိုင်းသင့်နေရာတွေမှာ အိမ်သာတွေအများစု ပျက်ဆီးခဲ့လို့ အညစ်အကြေးစွန့်ပစ်ဖို့နဲ့ ရေချိုတွင်းတွေထဲ ရေငန်တွေဝင်ရောက်ခဲ့လို့ သောက်သုံးရေရရှိဖို့တွေဟာလည်း အရေးပေါ်ပြဿနာဖြစ်နေတာပါ။သောက်ရေလိုအပ်ချက်ကြောင့် ယခင်က ငွေကျပ် ၁၀၀၀ ခန့်သာပေးရတဲ့ ၂၀လီတာရေသန့် တစ်ဘူးကို ငွေကျပ်၂၅၀၀ကျော်အထိ ပေးဝယ်နေရတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုခါမုန်တိုင်းကြောင့် ကိုးဆယ်ရာခိုင်နှုန်းခန့်ပျက်ဆီးခဲ့ရတဲ့ထဲမှာ နေအိမ်တွေအပြင် ကျွဲ၊ နွား အကောင်ရေ တစ်သောင်းကျော် သေဆုံးခဲ့တဲ့အတွက် တောင်သူတွေဟာ စိုက်ပျိုးရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရသလို ရေငံတားတမံတွေလည်း ပျက်ဆီးခဲ့ရလို့ စိုက်ပျိုးမြေအများစုဟာ ရေငံဝင်ရောက်ပြီး မြေပျက်ဆီးကုန်တာကြောင့် ပြန်လည် စိုက်ပျိုးဖို့လည်း မဖြစ်နိုင်သလောက်ကြုံတွေ့နေကြရတာပါ။
ဒါ့အပြင် စိုက်ပျိုးရေးလုပ်ဖို့ စက်ကိရိယာတွေ မလုံလောက်တာ၊ မျိုးစပါးလိုအပ်တာအပြင် ရေငံဝင်ခဲ့တဲ့ လယ်မြေတွေမှာ စိုက်ပျိုးနိုင်ဖို့အတွက်နည်းပညာ အကူညီတွေလည်း လိုအပ်နေပါတယ်။
စိုက်ပျိုးမှုကုန်ကျစရိတ်ဟာ အရင်က ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် ၃၀,၀၀၀ နဲ့ ၄၀,၀၀၀ ရှိခဲ့ရာကနေ အခုအချိန်မှာ တစ်အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ကျော် အထိ ဈေးတက်လာတာကြောင့် စိုက်ပျိုး စရိတ်ကြီးမြင့်လာတဲ့ အခက်အခဲတွေကိုလည်း တောင်သူတွေက ရင်ဆိုင်လာကြရနိုင်တာကြောင့် နိုင်ငံတကာရဲ့ အကူအညီလိုအပ်နေဆဲဖြစ်ပါတယ်။
ဒေသခံ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေကတော့ မိုခါမုန်တိုင်းအလွန်မှာ သွပ်၊သံ၊သစ်၊ ဓနိ၊ဝါး၊မိုးကာစတဲ့ အိမ်ဆောက်ပစ္စည်းတွေ ဈေးအဆမတန်တက်နေပြီး မုန်တိုင်းသင့်ပြည်သူတွေအနေနဲ့ ငွေရေးကြေးရေးအရလည်း အဆင်မပြေကြတာမို့ အိမ်ပြန်မဆောက်နိုင်သူတွေ များစွာ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီလိုပျက်စီးဆုံးရှုံးမှုတွေရှိနေပေမယ့်လည်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ အကူအညီရနိုင်ဖို့ ဒါမှမဟုတ် ပေးနိုင်ဖို့ စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကတော့ အခုအချိန်အထိ မုန်တိုင်းဒဏ်သင့်ပြည်သူ ၆၃,၀၀၀ ကို နေထိုင်ဖို့အမိုးအကာတွေ စီစဉ်ပေးထားသလို ၂၃၀,၀၀၀ ကိုတော့ စားနပ်ရိက္ခာအကူအညီတွေ ပေးထားနိုင်ပြီး မကွေးတိုင်းက အရေးပေါ် အကူအညီလိုအပ်နေသူ ၇၈,၀၀၀ကို စားနပ်ရိက္ခာအကူအညီ ပေးနိုင်ရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်စောင့်နေရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ၅ ဦးကို စစ်တွေမြို့မှာ မေလ( ၂၃) ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ မုန်တိုင်းဘေးသင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို ကူညီထောက်ပံ့ဖို့အသွား စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ကျောက်တန်းစစ် ဆေးရေးဂိတ်အလွန်မှာ ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီး (၂၄)နာရီအတွင် စာရေးဆရာဝေဟင်အောင်ကို လွှတ်ပေးခဲ့ပေမယ့် သူနဲအတူပါတဲ့ ပရဟိတသမား နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့တာပါ။ သွားရောက်ကူညီတဲ့ ပရဟိတသမားတွေကို အခုလို ဖမ်းဆီးလိုက်တာကြောင့် ရခိုင်ကိုသွားရောက်ကူညီမယ့် ပရဟိတသမားတွေအတွက် အကန့်အသတ်ဖြစ်နေပါတယ်။
ရခိုင်အတွက် စစ်ခေါင်းဆောင် ဘာလုပ်ပေးနေသလ
မိုခါမုန်တိုင်းအလွန် မေလ (၁၅)ရက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ မုန်တိုင်းသင့်စစ်တွေမြို့ပေါ်ကို ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့သတင်းတွေမှာလည်း မုန်တိုင်းသင့်ရခိုင်ပြည်သူတွေအတွက် လိုအပ်တာတွေကို ဆောင်ရွက်ပေးဖို့မှာကြားခဲ့တယ်လို့ ဆိုပေမယ့်လည်း ဒီလာရောက်မှုက ဘာမှမထူးခြားဘူးလို့ ဒေသခံတွေကဆိုပါတယ်။
“သူတို့ရဲ့ပေါ်လစီအရတော့ သူတို့က အလာပြတာပေါ့ဗျာ။ ဒါပေမဲ့ ပြည်သူတွေဆီကိုဘာတွေ ဘယ်လိုပို့မယ် ဆိုတာတော့ သေချာမသိရသေးပါဘူးဗျာ။ သူတို့က မြို့ပေါ်ပဲလာတာ။ ဖြစ်သွားတာ က စစ်တွေတင်မကဘူး။ ရခိုင်မြောက်ပိုင်းတစ်ခုလုံးဗျ။ ပင်လယ်နားကရွာတွေဆိုရစရာ မရှိဘူး။ အဲဒီရွာတွေက အဓိက လိုအပ်တာကိုး“ လို့ စစ်တွေဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီဟာ မိုခါမုန်တိုင်းမတိုက်ခတ်ခင်နဲ့ တိုက်ခတ်အပြီးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးတွေ ကျင်းပခဲ့ပေမယ့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဖြစ်တဲ့ အရပ်သားဝန်ကြီး ဒေါ်သက်သက်ခိုင်ကိုချန်လှပ်ပြီး စစ်ဗိုလ်ချုပ် တွေပဲ ပါဝင်တဲ့အစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က သတင်းတွေမှာလည်း မုန်တိုင်းအရေး ဒေသအလိုက် တာဝန် ပေးထားတဲ့ တပ်မတော်အရာ ရှိတွေရဲ့လုပ်ဆောင်ချက်တွေကိုပဲ ဦးစားပေးဖော်ပြနေပြီး မိုခါမုန်တိုင်းဘေးကယ်ဆယ်ရေးမှာ အဓိကကျတဲ့ လူကယ်ပြန် ဝန်ကြီးရဲ့အခန်းကဏ္ဍဟာ မရှိသလောက်မှေးမှိန်လို့နေပါတယ်။
စစ်ကောင်စီအနေနဲ့ အလှူငွေကျပ် သန်းပေါင်း (၁၃၁,၈၁၀) ကို လက်ခံ ရရှိခဲ့ပေမယ့် အရေးတကြီးလိုအပ်နေတဲ့ ရခိုင်ပြည်နယ်အတွက် ငွေကျပ် (၇၀,၀၀၀)ကို သာ ပေးအပ်ခဲ့ပြီး ကျန်အလှူငွေတွေကို အခြားသော မုန်တိုင်းသင့်ဒေသတွေအတွက် သုံးစွဲသွားမယ်လို့ ပြောကြားခဲ့ ပေမယ့် အခုထိ ပွင့်လင်းစွာချပြသုံးစွဲခြင်းမရှိသေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီက အခုအချိန်အထိ မိုခါမုန်တိုင်းဘေးအတွက် ရရှိတဲ့အလှူငွေတွေကို သာစီမံခန့်ခွဲနေပြီး အရေးပေါ်ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲတာလည်း မရှိတာကြောင့် ဒီကိစ္စက မေးခွန်းထုတ်စရာလည်း ဖြစ်နေတာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ် မုန်တိုင်းသင့်နေရာတွေမှာ စစ်ကောင်စီက ထောက်ပံ့ပေးနေတဲ့ ကယ်ဆယ်ရေးပစ္စည်းကို သွားရောက်ထုတ်ယူရာမှာလည်း ပစ္စည်းသယ်ယူခ လမ်းစရိတ်လို့ ခေါင်းစဉ် တပ်ကာ ဆန်နို့ဆီဘူးတစ်ဒါဇင်ကို ငွေကျပ် ၅၀၀၊ သွပ်တစ်ချပ်ကို ငွေကျပ် ၅,၀၀၀ အထိ ငွေကြေးတောင်းခံမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NUG နဲ့ AA ရဲ့ လုပ်ဆောင်မှု
မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ ရက္ခိုင့်တပ်တော် စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို AAနဲ့ လာရောက်ပူးပေါင်းပြီး မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးဖို့အတွက် အကူအညီတောင်းခံခဲ့ပါတယ်။
မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီပေးနိုင်ဖို့နဲ့ နေရာချထားရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကိုလည်း အဖွဲ့ဝင် (၈) ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး CYCLOE MOCHA ERRCA လို့အမည်ပေးကာ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIO၊ MNTJP/MNADD၊PSLS/TNLA၊SSPP/SSA၊ PSC/NDAA၊NMSP အဖွဲ့တွေကလည်း AAရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ထည့်ဝင်သုံးစွဲဖို့ အလှူငွေတွေ ပေးပို့လှူဒါန်းခဲ့ကြောင်း AAကထုတ်ပြန်ခဲ့ပါတယ်။
“ မိုခါအလွန် ပြန်ထူထောင်ဖို့က နိုင်ငံတကာနဲ့ အစိုးရရဲ့ အကူ အညီလိုတယ်။ အစိုးရကဆန် နည်းနည်းပါးပါးကူညီတယ်။ ULAဘက်က လုပ်အားနဲ့ ပံ့ပိုးတာတွေ့တယ်။ ဆာငံတားတဲ့ တမံတွေ ကျိုးကုန်တာ စာရင်းကောက်နေတာတွေ့ရတယ်။ ULA ဘက်က ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေတာလည်းတွေ့ရတယ်” လို့ ဦးဖေသန်းကပြောပါတယ်။
မုန်တိုင်းသင့်ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ မုန်တိုင်းရှောင်နေရာတွေဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ AAရဲ့ ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့တွေထားရှိပြီး ကူညီပေးနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ဒါပေမဲ့ AAက တော့ အလှူငွေရရှိမှုစာရင်းကိုစာ ထုတ်ပြန်ထားပြီး မိုခါမုန်တိုင်းဘေးအတွက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ အခုအချိန်အထိ အတိအကျပြောဆိုထားခြင်း မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပြီး လုပ်ငန်းအဖွဲ့တာဝန်အလိုက်စတင် ဆောင်ရွက်ဖို့ နဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်း မတည်ဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက် သွားမယ်လို့ မေ (၁၃) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင်စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ ၁၀ ရာခိုင်နှုန်း သုံးစွဲရန်၊ မိုးလေဝသ သတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနဲ့ စပ်လျဉ်းတဲ့ သတင်းထုတ်ပြန်ရေးလုပ်ဆောင်ပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
AAကလည်း မိုခါမုန်တိုင်းဘေးကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် NUGက ငွေကျပ်သိန်း ၁,၀၀၀ ထည့်ဝင်လှူဒါန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုးထဲက အကောင်းလို့ပြောရမှာကတော့ ၂၀၂၂ ခုနစ် တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် နှစ်နဲ့ချီ ပိတ်ထားခဲ့ပြီး ရက္ခိုင့်တပ်တော် AA က တစ်ဝက်၊ စစ်ကောင်စီက တစ်ဝက် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းပိုင်းကို စစ်ကောင်စီက မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရက်သတ္တပတ်အကြာမှာ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။
လမ်းတစ်လျှောက်မှာ ကျေးရွာပေါင်း ရာနဲ့ချီရှိတဲ့အဲဒီလမ်းကို ဖွင့်လှစ်လိုက်တာကြောင့် ဆန်နဲ့ အခြေခံစားနပ်ရိက္ခာတွေကို ပြန်လည်သယ်ယူခွင့်ရပြီး မုန်တိုင်းသင့်ပြည်သူတွေအတွက် အားတက် စရာအခြေအနေတစ်ခုလို့လည်း သုံးသပ်နေကြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုစနစ်မကျတာ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် မုန်တိုင်းသင့်ဒေသတွေက ပြည်သူတွေဟာ အခက်ကြုံနေရဆဲဖြစ်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်းကအလှူရှင်တွေရဲ့ အကူအညီတွေကို ထိထိရောက်ရောက်ရရှိဖို့ မျှော်လင့်နေရပြီး ရတက်မအေးဘဲ နေထိုင်နေရဆဲဖြစ်ပါတယ်။