ရန်ကုန်၊ မေ(၅)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတဲ့ ဖွဲ့စည်းတဲ့ ၂ နှစ်ပြည့်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင် အား ခန့်မှန်း ၃၀,၀၀၀ နီးပါးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်လို့ NUG အစိုးရက မေ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း” အစီရင်ခံစာမှာ အခုလို ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးမှာလည်း PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော် ၊ ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်ကို စနစ်တကျဖွဲ့စည်းတည်ထောင်ထားပြီး စစ်ကောင်စီထက် သာလွန်အင်အားဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ရဲ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ NUG ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် NUG အနေနဲ့လည်း မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG အစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း မဟာမိတ် ERO တွေနဲ့ ခုခံတော်လှန်စစ် ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်မှာ စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command တည်ဆောက်မှုတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

စစ်မဟာဗျူဟာအရ ခံစစ်နဲ့စတင်ခဲ့ရတဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ အခုအခါ တန်ပြန်ထိုးစစ်အကြိုကာလသို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်သလို နောက်ဆုံးအဆင့်ဖြစ်တဲ့ စစ်မဟာဗျူဟာအရ တန်ပြန် ထိုးစစ်ကာလသို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်း ရှာဖွေတပ်ဆင်မှုကို အားစိုက်ဆောင်ရွက်လျက်ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.