လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် ကိုယ်တိုင်ထိန်းညှိမှုယန္တယား ဖွဲ့စည်းဖို့ တိုင်းရင်းသားမီဒီယာညီလာခံ ဆုံးဖြတ်

0
4698

မော်လမြိုင် – မေ(၃)

လွတ်လပ်တဲ့ မြန်မာ့သတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် အမှီအခိုကင်းတဲ့ ကိုယ်တိုင်ထိန်း ညှိမှု ယန္တယားလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ (၈) ကြိမ်မြောက် တိုင်းရင်းသား မီဒီယာ ညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်က (၃) ရက်တာကျင်းပခဲ့တဲ့ မြန်မာ့မီဒီယာတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၊ရေရှည်ရပ်တည်နိုင်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍ အတွက် (၈) ကြိမ်မြောက် ကျင်းပခဲ့တဲ့ “ဖက်ဒရယ် မြန်မာနိုင်ငံသို့ ရှေ့ရှူသော မီဒီယာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ တိုင်းရင်းသား မီဒီယာ ညီလာခံကို Burma News International (နိုင်ငံတကာ မြန်မာ သတင်း) အဖွဲ့က ကမကထပြု ကျင်းပခဲ့တာပါ။ တိုင်းရင်းသားမီဒီယာညီလာခံကို ပြည်တွင်း၊ပြည်ပ အခြေစိုက် သတင်းမီဒီယာ(၄၀) က သတင်းသမား ကိုယ်စားလှယ်တွေ မိတ်ဖက်အဖွဲ့အစည်းတွေ၊မိတ်ဖက် သံတမန်တွေနဲ့ အလှူရှင် စုစုပေါင်း (၁၃၀) ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

“အဓိက ကတော့ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းမှာ ကျွန်မတို့ လွတ်လပ်တဲ့မီဒီယာတွေက စုစည်းဖို့ လိုအပ်တယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဆက်ပြီး ကျွန်မတို့ဆက်သွားမယ့် အနေ အထားမှာ တခြားနိုင်ငံတွေနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့ အနေအထားမှာ ဘယ်လိုကိုယ်စားပြုမှုတွေ ရှိသလဲ ဆိုတဲ့အနေအထားမှာ ကျွန်မတို့တွေကိုယ်ပိုင်ဆက်လုပ်သွားမယ့်အနေအထားမှာ ဒါက မဖြစ် မနေရှိသင့်တယ်ဆိုတဲ့အနေအထားကြောင့် သဘောတူခဲ့ကြတာပါ” လို့ ပြောရေးဆိုခွင့်ရှိသူ နန်းဖော့ဂေ က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် မီဒီယာလုပ်ငန်းတွေ ရေရှည် လည်ပတ်သွားဖို့ အတွက် ဘဏ္ဍာငွေ အခက်အခဲနဲ့ သတင်း ဖတ်ရှုသူတွေရဲ့ လုံခြုံရေး၊ သတင်းသမားတွေရဲ့ လုံခြုံရေးတွေအတွက် တိုင်းရင်းသား မီဒီယာ ညီလာခံမှာ ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါသေးတယ်။

ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာမီဒီယာတွေကို ကိုယ်စားပြုတာမရှိဘူးလို့ လည်း သဘောတူညီခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာရတဲ့ လုံခြုံရေး၊ ရပ်တည်ရေး အခက်အခဲတွေ ကြားက သတင်းမီဒီယာသမားတွေ၊ မီဒီယာအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်လုပ်နေမှုတွေနဲ့ ပတ်သက်ပြီး ညီလာခံက အသိအမှတ်ပြုပြောဆိုထားပါတယ်။

နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ကို တိုင်းရင်းသားဒေသတွေမှာ အခြေပြုထားတဲ့ သတင်းမီဒီယာ တွေနဲ့ ဒေသဆိုင်ရာ မီဒီယာ အဖွဲ့အစည်း (၁၅) ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.