ဘီးလင်းမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၄ လုံး ပျက်စီး

0
2293

ဘီးလင်း၊ မတ်(၁၆)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး နွားတစ်ကောင် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်အချိန်လောက်မှာ ဝင်းတာပန်စစ်ကောင်စီနဲ့BGF ပူးပေါင်း စခန်းကနေ လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာထဲနဲ့ရွာပြင်မှာ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဝင်းတာပန်ကျေးရွာနေ ယားမကြိုင်၊ ဦးတီး သားလေး၊ တီးလှထွေး၊ ဦးလုံးဒိုးတို့ နေအိမ် ၄ လုံးထိခိုက်ပျက်စီးသွားသလို ကျေးရွာအပြင်ဘက် ဦးမောင်ပိုင် ရာဘာခြံထဲကို တစ်လုံးကျလို့ ရာဘာပင်တချို့ပျက်စီးပြီး နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဝင်းတာပန်ကျေးရွာထဲ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကို စစ်ကောင်စီ စကခ ၈ လက်အောက် ခြေမြန်တပ်ရင်း ခမရ-၄၁၀ တပ်ခွဲမှူး မျိုးကျော်မြင့် ဦးစီးအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညကလည်း ကိုးနဝင်းစစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်လို့ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး နေအိမ် ၉ လုံးထိခိုက်ပျက်စီးခဲ့သေးတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါက်ရပ်၊ မင်းစော၊ ဝင်းတာပန်အပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံနေအိမ် ၅၀ ထက်မနည်း ထိခိုက်ပျက် စီးထားတယ်လို့ KNU သထုံခရိုင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.