နမ်းနိန့်ကျေးရွာကပြည်သူတွေကို စစ်ကောင်စီက အတွဲလိုက်ပစ်သေနတ်တွေနဲ့ သတ်ဖြတ်ခဲ့တာလို့ ကျန်းမာရေးတာဝန်ခံပြော

0
2314

ပင်လောင်း – မတ်(၁၆)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန့်ကျေးရွာ ဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ပြည်သူတွေ ကိုစစ်ကောင်စီက အတွဲလိုက် ပစ်သေနတ်တွေနဲ့ ပစ်ခတ်သွားတာ စစ်ဆေးတွေ့ရှိရတယ်လို့ သေဆုံးသူတွေကို စစ်ဆေးခဲ့တဲ့ ကယားပြည်နယ် ကျန်းမာရေးတာဝန်ခံ ကပြောပါတယ်။

ဒီနေ့ မတ်လ(၁၆) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နမ်းနိန့်ကျေးရွာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအကြောင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ခ.မ.ရ – ၅၁၈ ဟာ မတ်လ အစောပိုင်းထဲက နမ်းနိန့်ကျေးရွာ အရှေ့ဘက် က နဂါးစေတီတောင်မှာ စခန်းချနေတာဖြစ်ပြီး အဲဒီကနေ မတ်လ(၁၁) ရက်နေ့မနက်ပိုင်းမှာတော့ နမ်းနိန့်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

” အလောင်းတွေကို စစ်ဆေးခဲ့တဲ့အခါမှာ ပုံတွေမှာတွေ့ရတဲ့အတိုင်းပဲ နံရံတွေမှာ အပေါက်တွေက အများကြီးရှိနေတယ်။ဒါဟာ ကျည်တွေက လူတွေကိုဖောက်ပြီးမှ နံရံကိုပါထိမှန်တာ ဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီက အတွဲလိုက်ပစ်တဲ့သေနတ်ကိုသုံးခဲ့တယ်ဆိုတာထင်ရှား တယ်။နောက်တစ်ခုက စစ်ကောင်စီက လူတွေကိုအနီးကပ်ပစ်သတ်ခဲ့တာကြောင့်အခုလို နံရံမှာအရာတွေအများကြီးထင်ကျန်ခဲ့တာဖြစ်တယ်။” လို့ကယားပြည်နယ် ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲဇော်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေဟာ မသေခင်မှာနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ ရှိနေပြီး တုံးသော သတ္တု ၊ချွန်သော အရာတွေနဲ့အထိုးခံထားရတာ၊ ပါးစပ်ကိုသေနတ်နဲ့တေ့ပစ်ခတ်ထားတာ၊ ဆေးလိပ်မီးနဲ့ ထိုးခံထားရတာတွေကို စစ်ဆေးတွေ့ရှိထားတယ်လို့ သူက ပြောပါသေးတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီ က.ပ.စ ထုတ် ၅.၅၆ အစာတန်းပါ ကျည်ခွံတွေ တွေ့ရှိခဲ့တယ်လို့ဆိုထားသလို သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်ထဲကနေလည်း ၅.၅၆ ကျည်ထိပ်ဖူးတွေ စစ်ဆေးတွေ့ရှိထားတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို လာယူနိုင်ဖို့ KNDF က မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပေမယ့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဖြတ်သန်း ခွင့်မပြုလို့ မယူခဲ့ရဘူးလို့ KNDF က ပြောပါတယ်။

နမ်းနိန့်ကျေးရွာကပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အဓိတရားခံဟာ စစ်ကောင်စီ အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်(ရ.လ.ခ) လက်အောက်ခံ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စ.က.ခ) လက်အောက်ခံ ခ.မ.ရ – ၅၁၈ တပ်ရင်းဖြစ်တယ်လို့ KNDF ပြန်ကြားရေး တာဝန်ခံကိုမျက်မှန်က ပြောပါတယ်။

“အဲဒီစစ်ကောင်စီက စစ်ရာဇဝတ်မှုကိုကျူးလွန်တဲ့အတွက် PDF တွေကို အရောင်ပြပြီးတော့ သတင်းမှားတွေကို ထုတ်ဖော်ပြီးတော့ ရှေ့နောက်မညီအောင် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကိုယ် တိုင် ဝန်ခံထားတာဖြစ်ပါတယ်။ကျွန်တော်တို့ KNDF ဒီဖက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အာဏာသိမ်းစစ်တပ်ကိုကျွန်တော်တို့က အရှိန်ကောင်းကောင်းနဲ့ အထိနာနာနဲ့ တိုက်ခိုက်နေတဲ့အတွက် ဒီလူတွေရဲ့ပုံရိပ်ကို စစ်ကောင်စီက ကျဆင်းအောင်လည်း သတင်းမှားတွေထုတ်လွှင့်ပြီးတော့ ဒီဖြစ်စဉ်ကိုလွှဲချခဲ့တာဖြစ်တယ်လို့ ကျွန်တော်ပြောပြချင်တယ်။” လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေသလို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့က ပအိုဝ်းဒေသအတွင်းမှာ သတင်းမှားတွေနဲ့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။

မတ်လ(၁၅) ရက်နေ့ကလည်း တောင်ကြီးမြို့မှာ PNA ဦးဆောင်ပြီး ပအိုဝ်းဒေသခံတွေနဲ့ အတူ KNDF ကို ပအိုဝ်းမြေပေါ်က ထွက်သွားဆိုပြီး ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ဖော်ဝါရီလ(၁) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ(၁၃) ရက်နေ့အထိ စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ် အထိ ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူ (၇၆၆) ဦးသေဆုံးခဲ့ရတယ်လို့ NUG လူ့အခွင့် အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်နေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.