တော်လှန်ရေး သစ္စာပျက်ယွင်းလာသူတွေကို အရေးယူဆောင်ရွက်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

0
2326

မော်လမြိုင် – မတ်(၁၅)

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိလာရင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်မှာဖြစ်တယ် လို့အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၀) ကြိမ် မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ပြည်သူတွေကို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်ဖို့၊အကာအကွယ်ပေးနိုင်ဖို့နဲ့ လူထုအကျိုးကို ရှေးရှုပြီး လုပ် ဆောင်ကြဖို့ တိုက်တွန်းရင်း အခုလိုပြောခဲ့တာပါ။

“ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိခဲ့မယ်ဆိုရင်လည်း စီမံခန့် ခွဲ မှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန် ရေးအစိုး ရ ဖြစ်ပေမယ့် စီမံခန့်ခွဲမှု ယန္တရားမှာလည်း စနစ်တကျနဲ့ အားကောင်းကောင်း လည်ပတ်နိုင်ဖို့ ကြိုးစား ကြရမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက် One Year Plan အရ အဆင့်လိုက် ပြင်ဆင်စရာရှိတာတွေအတွက် လည်း ဦးစားပေးစီမံဆောင်ရွက်နေကြရတဲ့ အခြေအနေဖြစ်တဲ့အတွက် အားစိုက်ရမယ့် ကဏ္ဍတွေကို ခွဲခြားပြီး စီမံကြဖို့တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းပြီး (၂) နှစ်ကြာတဲ့အထိ လက်နက်ကိုအသုံးပြုပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ညှင်းဆဲ သတ်ဖြတ်နှိပ်စက်နေတာတောင် တိုင်ပြည်ကို မထိန်းသိမ်းနိုင်တဲ့ စစ်ကောင်စီဟာ ဒီလတွေမှာ ပြည် သူတွေကို အညှိုးကြီးကြီး နဲ့ ဒုက္ခပေးပိုပေးလာတဲ့အတွက် ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားကြရမယ်လို့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ပြောခဲ့ပါတယ်။

NUG အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး ပြည်သူကို အကာအကွယ်ပေးရမယ့် တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်ရင်း တစ်ဖက်ကလည်း နယ်မြေဒေသအလိုက် အုပ်ချုပ်ရေး ယန္တရားတွေကို ဖော်ဆောင်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးနိုင်မယ့် အစိုးရတစ်ရပ် အနေနဲ့ ကြိုးပမ်းဆောင်ရွက်တဲ့အခါ လူသားအရင်းအမြစ်၊ဘဏ္ဍာငွေအရင်းအမြစ် အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.