ရန်ကုန် ၊ မတ် (၃)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်ဖွင့်လှစ်ထားတဲ့ အွန်လိုင်းစာသင်ကျောင်းတွေမှာ ကျောင်း အပ်နှံရင် ကျောင်းသားမိဘတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာပါတယ်။

အွန်လိုင်းစာသင်ကျောင်းဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) မှာ ကျောင်း အပ်နှံထားကြတဲ့ ကျောင်းသား၊ကျောင်းသူ ၅၀၀ ကျော်ရဲ့ အချက်အလက် ပေါက်ကြားလာမှုကို စစ်ကောင်စီက စိစစ်တာတွေ လုပ်ဆောင်ပြီးနောက် အခုလို ခြိမ်းခြောက်လာတာပါ။

စစ်ကောင်စီကတော့ ကျောင်းသားမိဘတွေအနေနဲ့ ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်လို့ ဖြစ်စေ၊ မသိနားမလည် လို့ ဖြစ်စေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီ အစိုးရစာသင် ကျောင်းတွေနဲ့ အစိုးရအသိအမှတ်ပြုစာသင်ကျောင်းတွေမှာသာ ကျောင်းအပ်နှံကြဖို့ မတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG အွန်လိုင်းစာသင်ကျောင်းတစ်ခုမှာ သားသမီးနှစ်ဦးကို အပ်နှံထားတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ စာသင်တဲ့ ကလေးတွေ၊ မိဘတွေကို ခြိမ်းခြောက်တာနဲ့ ဖော်ထုတ်မှုတွေ လုပ်လာတဲ့အတွက် စိုးရိမ်မှုတွေ ရှိပေမယ့် စစ်ကောင်စီ စာသင်ကျောင်းတွေမှာ ကျောင်းမထားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီက ဒီကျောင်းမှာ စာသင်တဲ့ကလေးတွေ၊မိဘတွေကို ခြိမ်းခြောက်မှုတွေ လုပ်လာတယ်။ အွန်လိုင်း ကျောင်းမှာသင်တဲ့ မိဘတွေ၊ သားသမီးတွေကို ဖော်ထုတ်မှုတွေ ရှိလာတော့ မိဘတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိလာတာပေါ့။ ဒါကြောင့် အခုလောလောဆယ်မှာတော့ ကလေးတွေကို ဒီကျောင်းတွေမှာ စာသင်ဖို့ စဉ်းစား ရမှာပေါ့။ ကလေးအနာဂတ်အတွက် ဘယ်လိုထားရမယ်ဆိုတာ။ လော လောဆယ်မှာတော့ ကလေးတွေကို အင်္ဂလိပ်စာသင်တန်းတွေ၊ တခြားသင်တန်းတွေ၊ ကလေးတွေနဲ့ အပ်စပ်နဲ့ သင်တန်းတွေ၊ စာတွေအဆက်မ ပြတ်ရအောင် လုပ်ရမှာပဲ။ ဒါပေမယ့် စစ်ကောင်စီကဖွင့်တဲ့ကျောင်းတွေမှာ ကျွန်မတို့က လုံးဝထားမှာ မဟုတ်ပါဘူး ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ NUG အသိအမှတ်ပြု အွန်လိုင်းစာသင်ကျောင်း ၆၂ ကျောင်းဖွင့်လှစ်ထားတယ်လို့ ကြေညာထားပေမယ့် ၃ ကျောင်းလောက်သာ ဖွင့်လှစ်သင်ကြားတဲ့ အထောက်အထားတွေ ဖော် ထုတ်တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ပညာရေးကိစ္စတွေ လုပ်ဆောင်လို့မရအောင် မပါဝင်ရဲအောင် အမိန့်ဥပဒေတွေနဲ့ လုပ်ဆောင်နေတာဟာ လူထုဘဝကို နေ့စဉ်နဲ့အမျှ ဖျက်ဆီးနေတဲ့ နမူနာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့။ ဆိုလိုတာက သူတို့ (စကစ) အုပ်ချုပ်မှုအောက်မှာ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေ မလုပ်နိုင်တဲ့အခြေအနေမှာ အခြားသူတွေလည်း ဒီလုပ်ငန်းကို လုပ်ဆောင်ခွင့်မရအောင်၊ မပါဝင်ရဲ အောင် အမိန့်ဥပဒေ၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ လက်တွေ့လုပ်ဆောင်နေတာ ၂ နှစ်ရှိပါပြီ။ ဒါပေမယ့် ပညာ ရေး၊ကျန်းမာရေးကိစ္စဟာ သာမာန်ပြည်သူတွေရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဘဝရဲ့လိုအပ်ချက်ဖြစ်ပြီး ဒါကိုဖျက်ဆီးနေ တာက စကစဟာ တိုင်းပြည်တည်ဆောက်နေတာမဟုတ်ဘဲ ပြည်သူလူထုဘဝကို နေ့စဉ်နဲ့အမျှ ဖျက်ဆီးနေတယ်ဆိုတာ နမူနာပြလိုက်တာပဲဖြစ်တယ်လို့ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။

FOEIM အွန်လိုင်းစာသင်ကျောင်းဟာ မတ် ၁ ရက်နေ့ကစပြီး ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးကိုရှေးရှုပြီး ကျောင်းကို ပိတ်သိမ်းတယ်လို့ ကြေညာခဲ့ပေမယ့် အချက်အ လက် ပေါက်ကြားမှုအပေါ် တာဝန်ယူမှုအပိုင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

NUG အသိအမှတ်ပြု အွန်လိုင်းအခြေပြုစာသင်ကျောင်းတစ်ခုမှာ သင်္ချာဘာသာရပ်ကို သင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးကလည်း စာသင်ကြားမှုကို လိုက်လံကန့်သတ်နေတာဟာ စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ဖျက်ဆီးနေတာလို့ ဝေဖန်ပါတယ်။

“သူတို့ဒီလိုမျိုးတွေ လိုက်လုပ်မယ့်အစား သူတို့အကောင်းဆုံးဝန်ဆောင်မှုတွေပေးလိုက်ရင် ပိုမကောင်းဘူးလား။ ဒီလိုပဲ ဖြစ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ကျောင်းတွေမှာ ကြည့်လိုက် ဒီကလေးတွေကို Brainwash တွေ သူတို့လုပ်မယ်။ အခုလက်ရှိအကြမ်းဖက်တွေဘာတွေ ဘာမှမသိတဲ့ကလေးတွေကို ဒီလိုမျိုး Mindset တွေ လျှောက်သွင်းမယ်။ နောက် ဒီမိုကရေစီစံနှုန်းတွေကို ရှင်းရှင်းပြောရရင် သူတို့ဖျက်ဆီးနေတာလို့ ကျွန်တော် မြင်တယ်ဗျ” လို့ သူက ဆိုပါတယ်။

FOEIM ကျောင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ကြားကာလပညာရေး အခမဲ့စနစ် ဖြစ်ပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းဝန်းကျင် တက် ရောက် သင်ကြားပေးနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်မှာတော့ ကျောင်းဝင်ကြေး တစ်နှစ်စာအတွက် အခြေခံပညာအဆင့်လိုက် ထိုင်းဘတ်ငွေ ၁၀၀၀ ကနေ ၃၀၀၀ အထိ ကောက်ခံခဲ့ပြီး FOEIM ကျောင်းတည်ထောင်သူရဲ့ ငွေကြေးအလွဲသုံးစာမှု ပေါ်ပေါက်ခဲ့ကာ ရုံးအဖွဲ့တို့နဲ့ အငြင်းပွားမှု ပြဿနာ ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.