ရန်ကုန်၊မတ်(၃)
မြန်မာနိုင်ငံအတွင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုအားလုံးရဲ့ ရာနှုန်းပြည့်နီးပါးဟာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတချို့ EAOs နဲ့ NUG/PDF တို့ ဆက်စပ်ပတ်သက်နေတယ်လို့ စစ်ကောင်စီက တဖက်သတ်စွပ်စွဲလိုက်ပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ ၂ နှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၆ သန်း နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
အဲဒီထုတ်ပြန်မှုမှာတော့ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုကို အရင်ကာလမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ အဓိကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ အာဏာသိမ်းပြီးနောက် NUG/ PDF တို့ ဆက်စပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်း ရေးမှူး ဦးအောင်ဆန်းမြင့်ကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စစ်ခေါင်းဆောင်တွေ ပါဝင်မှုကိုသာ တွေ့ရှိရကြောင်းနဲ့ တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ ပန်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေမှာလည်း မူးယစ်ဆေးဝါးတွေ တွေ့ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆိုလိုတာက ခုနလိုပေါ့နော် တိုက်ပွဲထဲမှာစစ်သားတွေဆီကနေ သိမ်းဆည်းရရှိတာတွေ၊ နောက်ပြီး ကျွန်တော်တို့ပြည်နယ်ထဲမှာပေါ့နော်။ ပြည်သူ့စစ်လိုလိုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး တချို့စစ်တပ်က ခေါင်းဆောင်ပိုင်းတွေက ချိတ်ဆက်ပြီး စီးပွားရေးလုပ်နေတာတွေ၊ စီးပွားရေးလုပ်နေတယ်ဆိုက တည်းက မူးယစ်ဆေးဝါးနဲ့မကင်းမရှင်းရှိနေတာတွေကို ကျွန်တော်တို့တွေ့ထားတာတွေရှိပါတယ်။”ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် KNPP အနေနဲ့ ကယားပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီဖွဲ့စည်းပြီး နှိမ်နင်းနေသလို ဖမ်းဆီးရမိတဲ့ တရားခံတွေကိုလည်း ပြစ်ဒဏ်ချမှတ် အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar အဆိုအရ တရားဥပဒေစိုးမိုးမှု လျော့ရဲလာမှုနဲ့အတူ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ ရာဇဝတ်ဂိုဏ်းစုဖွဲ့မှုတွေ၊ လောင်းကစားတွေ၊ ဒုစရိုက်မှုတွေပေါများတဲ့ မြို့သစ်တွေ ပေါ်ထွန်းနေသလို ဘိန်းနဲ့မူးယစ်ဆေးကုန်သွယ်မှုကလည်း စိုးရိမ်ဖွယ် ဖြစ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကလည်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာမှုနဲ့အတူ မူးယစ်ဆေးဝါးတွေ ပိုမိုထုတ်လုပ်သုံးစွဲလာမှုရဲ့ အဓိက တရားခံဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ တုံ့ပြန်တာပါ။”စစ်ကောင်စီရဲ့အကြမ်းဖက်မှု၊ စစ်ကောင်စီရဲ့ အပေါင်းအပါလက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီဟာကို အရှိန်မြှင့်ပြီးလုပ်နေတာကြောင့် မြန်မာနိုင်ငံကနေဘိန်းတွေ ထွက်လာတာ။ မူးယစ်ဆေးဝါးတွေ ထွက်လာတာ။ ဒီနှစ်နှစ်အတွင်းမှာ အမြောက်အမြားတိုးမြင့်လာတယ်ဆိုတာကို ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က အစီရင်ခံစာမှာ ထည့်သွင်းထားတာကိုတွေ့ရတယ်။ ဒီဟာတရားခံက အဓိကတရားခံက တစ်ဦးတည်းသောတရားခံက အကြမ်းဖက်စစ်အုပ်စုသာဖြစ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်” လို့ဆိုပါတယ်။
အစီရင်ခံစာတစ်စောင်ရဲ့ အဆိုအရ လာမယ့်နှစ်အတွင်းမှာ ဒေသအတွင်း ဘိန်းကူးသန်းရောင်းဝယ်မှုတန်းဖို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ရှိနိုင်ပြီး မြန်မာနိုင်ငံတွင်း ဘိန်းအခြေပြုစီးပွားရေးက ဒေါ်လာ သန်း ၆၀၀ ကနေ နှစ်ဘီလီယံလောက် တန်းဖိုးရှိလာနိုင်တယ်လို့ ဆိုထားတာပါ။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှုစစ်တမ်း “စိုက်ပျိုးမှု ထုတ်လုပ်မှုနဲ့ အကျိုးအဆက်များ” အစီရင် ခံစာမှာ ဖော်ပြချက်အရ အရင်ကကျဆင်းနေတဲ့ ဘိန်းစိုက်ပျိုးမှုဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ပိုင်း ၃၃ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်မားလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်

