သံတောင်၊ မတ်(၃)
ကရင်ပြည်နယ် သံတောင်မြို့ (၁၃)မိုင် ဘိုတဲကုန်းကျေးရွာမှာ ဒီနေ့ မတ် (၂)ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာကနေ ကလေးတစ်ဦးဒဏ်ရာရရှိပြီး ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား အများအပြားပါတဲ့ စစ်ကောင်စီတပ်ဟာ သံတောင်မြို့ (၁၃)မိုင် ငွေတောင်ကြီးနဲ့ ကျွဲဖြူတောင် ကျေးရွာကနေတဆင့် ဘိုတဲကုန်းကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ(၃)ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သလို ဆိုင်ကယ်(၄)စီးနဲ့ ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ဦးရဲ့ အိမ်ကိုလည်း ပစ်ခတ်မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့သူတွေထဲမှာ တစ်ဦးသာ ပြန်လွတ်လာပေမယ့် ကျန် ၂ ဦးကတော့ ဆက်လက် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ သံတောင်(၁၃)မိုင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က သံတောင်မြို့ထဲမှာရှိတဲ့ KNU တာဝန်ရှိနေအိမ်တွေနဲ့ အရပ် သားနေအိမ်အဆောက် အဦး တွေ၊ ကားဆိုင်ကယ်စတာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ(၈၀၀၀)နီးပါး ထွက်ပြေးတိမ်း ရှောင်နေရတာပါ။
ကရင်ငြိမ်းချမ်းရေးကွန်ယက် KPSN ရဲ့ ထုတ်ပြန်ထားချက်အရ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၄၀၀၀၀ နီးပါးအထိ ရှိလာပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်

