ပေါင် – ဖေဖော်ဝါရီ(၂)
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးကိုကိုလေးရဲ့ နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၁) ရက်နေ့ ညပိုင်းက ပေါင်းရပ်ကွက် ဘူတာလမ်းက နေအိမ်ကို လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ (၉) ချက်ထက်မနည်း ပစ်ခတ်ရှင်းလင်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရပြီးနောက် ဦးကိုကိုလေးကို မော်လမြိုင်ဆေးရုံကို ပို့ဆောင်ဖို့ ကြိုးစားခဲ့သေးပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့တာပါ။
သူဟာအာဏာသိမ်းစစ်ကောင်စီတပ်၊ ရဲနဲ့ ပူးပေါင်းပြီး မြို့နယ်အတွင်းက တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ဖမ်းဆီးဖို့ ဦးဆောင်ပါဝင်သူဖြစ်တဲ့အတွက် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာလို့ (S.O.P) အထူးစစ်ဆင်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
ဦးကိုကိုလေးဟာ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်အတွင်းရေးမှူး ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၈) ရက်နေ့ မနက်အစောပိုင်းကလည်း ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ထွန်းဆိုသူရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီဝင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးတာ၊ရှင်းလင်းတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

