မော်လမြိုင်၊ ဇန်နဝါရီ(၁)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေး လုပ်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာအောက်မှာ Like ပေးတာ၊ မှတ်ချက်ပြုရေးသားတာနဲ့ ပြန်လည်မျှဝေသူတွေကို ဆက်တိုက်ဖမ်းဆီးပြီး တရားစွဲဆိုတာတွေ လုပ်ဆောင်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးလုပ်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို အမြဲမပြတ် စောင့်ကြည့်နေပြီး သူတို့ရဲ့ရေးသားချက်တွေကို အကောင့်နာမည်နဲ့ ဓာတ်ပုံအမှန်အသုံးပြုပြီး Like ပေးရုံနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

တော်လှန်ရေးလုပ်ဆောင်နေတဲ့ ထင်ရှားကျော်ကြားတဲ့သူတွေရဲ့ ပို့စ်အောက်မှာ Likeပေးတာ၊ Comment ရေးတာတွေ လုပ်ဆောင်ပါက တစ်ပတ်အတွင်း လာရောက်ဖမ်းဆီးပြီး ၅၀၅ ပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ တော်လှန်ရေးလုပ်သူရဲ့ လူမှုကွန်ရက်မှာ Like ပေးတာ၊ မှတ်ချက်ပြုရေးသားတာနဲ့ ပြန်လည်မျှဝေသူတွေကို အမြဲမပြတ်စောင့်ကြည့်နေပြီး တစ်ပတ်လျှင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ NUG၊ CRPH၊ PDF တွေရဲ့ လူမှုကွန်ရက် စာမျက်နှာအောက်မှာ မှတ်ချက်ပြု ရေးသားတာတွေ၊ ပြန်လည်မျှဝေသူတွေကိုလည်း ဖမ်းဆီးတာတွေ ပြုလုပ်နေသလို စစ်ကောင်စီက မတရား ထုတ်ဝေခွင့်ပိတ်ထားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေအောက်မှာလည်း မှတ်ချက်ပြု ရေးသားသူတွေကိုပါ အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပုဒ်မ ၅၀၅-က အပြင် တချို့ ပြည်သူတွေကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်တပ်လော်ဘီတွေကလည်း စစ်ကောင်စီကို ဝေဖန်ရေးသားသူတွေကိုလည်း ဓာတ်ပုံ၊ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်တွေကအစ ဖော်ပြပြီး ဖမ်းဆီးဖို့အတွက် လှုံဆော်တာတွေရှိတာကြောင့် စစ်ကောင်စီ လက်အောက်ခံတွေက အဲ့ဒီအချက်အလက်တွေကို အခြေခံပြီး လိုက်လံဖမ်းဆီးတာတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁၇၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.