မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂)

ရန်ကုန်တိုင်းဒေသကြီး ၊အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းရှိ Mytel ရုံးခန်း ဖေဖော်ဝါရီလ ၂ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှာ ဗုံး ၂ လုံးပေါက်ကွဲပြီး မီးလောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတွေက အတည်ပြု ပြောပါတယ်။

“ဗုံးနှစ်လုံးအရင်ပေါက်တယ်။ပြီးမှ မီးကလောင်တာ။ မနေ့ကလည်း တခြားလမ်းမှာ လောင်တယ်။ စစ်တပ်ကလောင်တဲ့နေရာဆိုတော့ မီးသတ်က ခဏလေးနဲ့ရောက်လာတယ်။ မီးကခဏပဲ လောင်သွားတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ နံနက် ၅နာရီ အချိန်ခန့်မှာ Level 1ဖြင့်မီးစတင် ငြှိမ်းသတ်ရာ ၅နာရီ ၁၀မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို Special Task Agency of Burma (STAB)က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ ညပိုင်မှာလည်း ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်ရှိ မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ ဒေါပုံမြို့နယ် ယမုံနာ ၁ရပ်ကွက် အောင်မေတ္တာလမ်းရှိ မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေကို ရန်ကုန်ပြောက်ကျားအင်အားစုကတိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.