အမှုဖွင့် ခံရတဲ့ NLD အမတ် နှစ်ဦး photo- RFA

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

ဘီးလင်းမြို့နယ်  NLD လွှတ်တော်ကိုယ်စားလှယ် အမတ် ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်ထားပါတယ်။

ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရီရတနာ နဲ့ ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အလိုမရှိဆန္ဒထုတ်ဖော်ပွဲများတွင် ပြည်သူတွေနဲ့အတူ ဦးဆောင်ကာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတယ်လို့ NLD ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးငွေမြင့်က ပြောပါတယ်။

“ဘီးလင်းမှာက အခုချိန်ထိတော့ အဖမ်းမခံရသေးဘူးပေါ့လေ။ သူတို့ကိုတော့ ၅၀၅ ထုတ်ထားတာပေါ့။ ဆန္ဒဖော်ထုတ်တဲ့ အချိန်မှာ သူတို့က နည်းနည်းဦးဆောင်တာပေါ့။ အဲဒါကို သူတို့က ၅၀၅ ထုတ်ပြီး ဖမ်းဖို့လုပ်တာပေါ့”လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ အမှုဖွင့်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ဦးစလုံးဟာ ရှောင်တိမ်းနေတဲ့အတွက် အဆက်အသွယ် မရသေးပါဘူး။

ဖေဖော်ဝါရီ ၂၅ရက်နေ့ ညနေပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့‌​တွေက လာရောက်စစ်ဆေးမှုတွေ  ပြုလုပ်ခဲ့တယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.