မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၅)

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်တွေအပေါ် သံသယရှိလို့ ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ သွားရောက်တွေ့ဆုံမယ်လို့ ကရင်ပြည်သူ့ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရက ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲကော်မရှင်ဟာ ဖေဖော်ဝါရီ (၂၆)ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာပါ။

ကရင်ပြည်သူ့ပါတီကတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ငါးခုက မဲရလဒ်တွေအပေါ် သံသယရှိလို့ ကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ဆိုပါတယ်။

ဒီလိုတက်ရောက်ဖို့အတွက် ပါတီအတွင်း မဲခွဲဆုံးဖြတ်ခဲ့ပြီး ကိုယ်စားလှယ် ဒါမှမဟုတ် အတွင်းရေးမှူး တစ်ဦးကို ပါတီ ကိုယ်စားစေလွှတ်သွားမယ်လို့ ကရင်ပြည်သူ့ပါတီ(KPP)မှ ဗဟို‌ကော်မတီ တွဲဖက်အတွင်းရေးမှူး နန်းခင်အေးဦးက ပြောပါတယ်။

” ဖိတ်ကြားခံရပါတယ်၊ ဟုတ်တယ်၊ ကျွန်မတို့ ဗဟိုကော်မတီက အစည်းအဝေးလုပ်ပြီးတော့ သွားဖို့ မသွားဖို့ ဆုံးဖြတ်ကြတော့ ကျွန်မတို့(ပါတီ)က တိုင်းနဲ့ပြည်နယ် ငါးခုမှာ ဝင်ပြိုင်တာကို အဲလိုဝင်ပြိုင်တဲ့အခါမှာ မဲမသမာမှုတွေကို သံသယဖြစ်စရာတွေ တွေ့တယ်ပေါ့၊ အဲဒီကိစ္စကိုလည်း ကျွန်မတို့လည်း သိချင်တယ်လေ၊ အဲဒါကြောင့်မို့လို့ ဒီမိုကရေစီနည်းလမ်းအရပဲ သွားဖို့ မသွားဖို့ မဲခွဲဆုံးဖြတ်တဲ့အခါမှာ မဲအများစုက သွားတက်သင့်တယ်၊ သွားနားထောင်ရမယ်၊ ဘာတွေဖြစ်သလဲ၊ အခုဘာတွေဖြစ်‌နေလဲဆိုတာကို သိချင်တာပေါ့ အခြေအနေတွေအကုန်လုံးကို အဲဒါကြောင့်မို့လို့ သွားဖို့ ဆုံးဖြတ်ထားပါတယ်”လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ ကြုံတွေ့ခဲ့ရတဲ့ မဲ မသမာမှုတွေ ၊ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

“မဲကွာတဲ့အချက်တွေရယ်၊ အသက်မပြည့်ဘဲ ထည့်ထားတဲ့အချက်တွေရယ်၊ အထူးသဖြင့် ကျွန်မတို့က တိုင်းရင်းသားရေးရာဝန်ကြီးတွေပေါ့၊ အဲနေရာမှာ ကိုယ့်တိုင်းရင်းသားတွေကို မထည့်ထားပဲနဲ့ တခြားလူမျိုးကနေပြီးတော့ လာထည့်လို့ ရသွားတဲ့ဟာတွေက အခုကျွန်မတို့ ဧရာဝတီတိုင်းရော၊ ရန်ကုန်တိုင်းမှာရောရှိတယ်၊ အသက်မပြည့်ပဲ ထည့်ရတာရှိတယ်၊ နှစ်ခါပြန်ထည့်တာတို့၊ အဲဒါ‌တွေကတော့ ကိုယ်ရချင်တဲ့ ဇောနဲ့ လုပ်တဲ့ဟာတွေပေါ့နော်၊ ကျွန်မတို့ တိုင်းရင်းသားပါတီတွေက အင်အားလည်းသေးတယ်၊ ငွေကြေးကလည်း မရှိဘူး၊ ဒါတွေကို သိတာပဲ ရှိတယ်၊ သေသေချာချာ စာရင်းနဲ့ မလုပ်နိုင်ခဲ့ဘူး၊ ကျွန်မတို့သိထားတဲ့အချက်တွေကို တင်ပြချင်တာ‌ပေါ့နော်”လို့ ကရင်ပြည်သူ့ပါတီ(KPP)မှ ဗဟို‌ကော်မတီ တွဲဖက်အတွင်း ရေးမှူး နန်းခင်အေးဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲကို မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကလည်း တက်ရောက်သွားမှာဖြစ်ပြီး ကြိုတင်မဲကိစ္စရပ်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးခွင့်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.