မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၄)

မွန်ပြည်နယ်အစိုးရအဖွဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြည်သူ့အစိုးရဖွဲ့ချိန်ထိ အလုပ်ပိတ်ရက် ပေးခဲ့လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်ဟာ မော်လမြိုင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရပါတယ်။

ဝန်ထမ်းတွေကို ပြည့်သူ့အစိုးရဖွဲ့ချိန်ထိ ခွင့်ပေးကြောင်းနဲ့ အလုပ်အကိုင် နစ်နာမှုရှိခဲ့တဲ့ ဝန်ထမ်းတွေကို ပြည်သူ့အစိုးရဖွဲ့စည်းပြီးချိန်တွင် ပြန်လည်ကုစားပေးမယ်ဆိုတဲ့ ကြေညာချက်ကို ဝန်ကြီးချုပ်ကိုယ်စား လဝက ဝန်ကြီး လက်မှတ်နဲ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို ထုတ်ပြန်ခဲ့တဲ့အတွက် မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ လဝက ဝန်ကြီး ဦးထွန်းမင်းအောင်ကို အရေးယူပေးဖို့ မော်လမြိုင်မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဟာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေဖို့ လုပ်ဆောင်ရင် စွဲဆိုခံရတဲ့ ပုဒ်မ ဖြစ်ပါတယ်။

အဲ့ဒီပုဒ်မနဲ့ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ်(၂)နှစ်ထိ ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်ပါတယ်။

ဒါပေမယ့် လဝကဝန်ကြီး ဦးထွန်းမင်းအောင်က အာဏာသိမ်း စစ်အစိုးရလက်အောက်မှ အခုချိန်ထိ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မွန်ဝန်ကြီးချုပ် အပါအဝင် အခြား အစိုးရအဖွဲ့ဝန်ကြီးတွေကတော့ တပ်ရဲ့ လက်အောက်မှာ အခုချိန်ထိ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.