မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃)

လက်ရှိ နိုင်ငံအကြပ်အတည်းကာလကြောင့် ဆန်ပြတ်လပ်မှာကို စိတ်ပူစရာ မလိုဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်းက ပြောပါတယ်။

အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်လာလို့ ပြည်သူအကြားမှာ စိုးရိမ်မှုတွေလည်း ရှိလာနေပါတယ်။

အချို့ပြည်သူတွေဟာ စိုးရိမ်စိတ်တွေကြောင့် ဆန်နဲ့အတူ မီးဖိုချောင်သုံးပစ္စည်းတွေကို အလုအယက် ဝယ်ယူခဲ့လို့ စျေးကွက်မှာ ပြတ်လပ်ပြီး စျေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပါတယ်။

လက်ရှိ ဆန်စျေးတွေဟာ အရင်ကာလနဲ့ နှိုင်းယှဉ်ရင် စျေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပေမယ့် ပြတ်လပ်မှာကို စိုးရိမ်စရာ မလိုဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ပြောပါတယ်။

“ဆန်စပါးကတော့ သီတင်းကျွတ်ကမှ ထွက်တာဆိုတော့ ဆန်အနေနဲ့ကတော့ ပြောရရင်တော့ စိတ်ပူစရာမရှိဘူး ကျွန်တော်တို့ပြောနိုင်တာ သေချာတာကတော့ ဆန် စပါးကတော့ မပြတ်ဘူး စိတ်ချ ဒါပေမယ့် စျေးအနေအထားလေးကတော့ နဲနဲပြောင်းသွားတယ် အနေအထားတစ်ခုတော့ရှိတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စားသောက်ကုန်တချို့ဟာ စျေးကွက်မှာ ပြတ်လတ်သွားပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စျေနှုန်းတွေ မြင့်တက်လာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စားသုံးဆီ စျေးနှုန်းကလည်း အာဏာမသိမ်းခင်မှာ တစ်ပိဿာ ကျပ်(၂၄၀၀) ရှိရာမှ အာဏာသိမ်းပြီး နောက်မှာတော့ တစ်ပိဿာ ကျပ် (၂၉၀၀)ထိ မြင့်တက်ခဲ့တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။

“တပ်မတော်အာဏာသိမ်းပြီးကတည်းက စားသုံးဆီစျေးက မိုးပေါ်ရောက်သွားတယ်၊ ကျွန်မတို့ကလည်း ဆီကန်တွေက ဖွင့်တဲ့စျေးနဲ့ ဝယ်ရတယ်။ ကျွန်မတို့မှာ ဆီမရှိလို့မရဘူး မရှိရင် စားသုံးသူတွေ ဒုက္ခရောက်မှာပေါ့ သူတို့ဖွင့်တဲ့စျေးကိုပဲ ကျွန်မတို့က ဝယ်ပြီးတော့ ပြန်ဖြန့်ရတာပေါ့ ပြည်သူတွေကလည်း စျေး ကြီးကြီးပေးဝယ်နေရတာပေါ့” လို့ ဆီကုန်သည် ဒေါ်စန်းဌေးက ပြောပါတယ်။

အခုလို ဆန်နဲ့ဆီတွေရဲ့ စျေးနှုန်းမြင့်တက်ခဲ့တဲ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

အခုလို စျေးနှုန်းမြင့်တက်ခဲ့တာဟာ စစ်အာဏာသိမ်းပြီးနောက် ကုန်စည်စီးဆင်းမှု နှေးကွေးပြီး စျေးကွက်မှာ ပစ္စည်း ပြတ်လပ်နေတာကြောင့်လို့ ရောင်းချသူတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.