မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃)
အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို မွန်ညီညွတ်ရေးပါတီက တက်ရောက်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမည်ဟုဆိုပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ ကမ်းလှမ်းလာတာလည်း ဖြစ်ပါတယ်။
မွန်ညီညွတ်ရေးပါတီကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်သွားမှာဖြစ်ပြီး ပါတီကိုယ်စားလှယ်အဖြစ် သွားမယ့်သူကိုတော့ မရွေးချယ်ရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲ ကော်မရှင်က ၂၆ရက်နေ့ အစည်းအဝေးလုပ်မှာပေါ့နော်။ အဲနေ့ အစည်းအဝေးတက်ဖို့ ဖိတ်ကြားထားတယ်။ ကျွန်တော်တို့ ပါတီကတော့ တက်မယ်။ ဒါပေမယ့် ဘယ်သူကို တက်ခိုင်းဖို့ဆိုတာတော့ မရွေးရသေးဘူးပေါ့နော်”လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။
ဒီအစည်းအဝေးမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်အစိုးရမှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရာမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးခွင့်တွေ ၊ ကြိုတင်မဲပေးတဲ့ ကိစ္စရပ်တွေ ၊ ပြည်သူတွေရဲ့ ဆန္ဒမဲပေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြသွားမယ်လို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မွန်ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားတာလည်း ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် နိုင်ငံရေးပါတီတွေ ရှိနေသလို မတက်ရောက်ဘူးလို့ ပြောဆိုထားတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိနေပါတယ်။
ဒီဆွေးနွေးပွဲမှာ တက်ရောက်ဖို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီထံ ဖိတ်ကြားစာ ရောက်မရောက်ဆိုတာကို သံလွင်တိုင်းမ်မှ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အတည်မပြုနိုင် ခဲ့ပါဘူး။
အဆိုပါ ဆွေးနွေးပွဲကိုတော့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်