မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၂)
အာဏာသိမ်း စစ်အစိုးရရဲ့ မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီမှာ အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီက ပါဝင်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ဒီကနေ့မှာ ပါတီမှ နှုတ်ထွက်လိုက်ပါတယ်။
အာဏာသိမ်း စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အများစုက လက်ခံဖို့ ဆုံးဖြတ်ပြီးနောက် ပါတီအတွင်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို နှုတ်ထွက်တာနဲ့ ပတ်သက်ပြီး ဒေါက်တာအောင်နိုင်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မှတ်ချက် တစုံတရာ မပေးလိုဘူးလို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ နိုင်ငံရေး အတွေ့အကြုံတွေအရ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် အသက်သွေးကြောင်းစီးတဲ့ ဖြစ်ရပ်တွေ ရှိနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီး အခုလို လက်ခံခဲ့တာလို့ ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသော မွန်ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီရဲ့ ဥက္ကဌနေရာမှာ ကနဦး ခန့်အပ်ထားသော ဒေါက်တာတင်ဌေးနေရာမှာ ဦးသိန်းစိန်အစိုးရလက်ထက် မွန်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးဇော်လင်းထွန်းကို ပြောင်းလဲခန့်အပ်ထားကြောင်း မနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဦးဇော်လင်းထွန်းမှာ ရာထူးမှ အငြိမ်းစားယူပြီးနောက် မွန်ပြည်နယ် YMBA ၏ ဥက္ကဌအဖြစ် တာဝန်ယူနေသူလည်း ဖြစ်သလို ပြည်နယ်နစကတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူနေသူလည်း ဖြစ်သည်။
ပြည်နယ်နစကမှာ လစ်လပ်သွားတဲ့ အဖွဲ့ဝင်ရာထူးအတွက်တော့ မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမကို ခန့်အပ်လိုက်ပါတယ်။
နိုင်လယိတမမှာ မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တွဲဘက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပါတီပြောရေးဆိုခွင့်ရှိသူအဖြစ်လည်းကောင်း တာဝန်ယူထားသူဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သံဖြူဇရပ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမှတ်(၂) က ရွေးကောက်ခံထားရသူလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်