မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ UEC မြို့နယ် ဥက္ကဋ္ဌတွေကို တပ်က ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာလည်း အစိုးရအဖွဲ့ဝန်ကြီးတွေကို တပ်က ခေါ်ယူ ထိန်းသိမ်း ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာ ပြန်လည်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချထားရာမှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ညပိုင်းမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ဌေးကြွယ်နဲ့ ရွေးကောက်ပွဲကော်မရှင် မြို့နယ် ဥက္ကဋ္ဌတွေကို တပ်က  ခေါ်ယူ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ အဆက်အသွယ် မရသေးဘဲ ဝန်ကြီးတွေကတော့ အစိုးရအိမ်ယာမှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အိမ်ရာဝင်းထဲမှာပဲ ရှိနေတယ်၊ ဘာမှတော့ မထူးဘူး၊ ကြည့်ရတာကတော့ လွယ်လွယ်နဲ့ ပေးပြန်မယ်လိုတော့ မထင်ဘူး အပြင်မှာကလည်း အခြေအနေက မတည်ငြိမ်နေတော့”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရွေးကောက်ပွဲကော်မရှင် မြို့နယ် ဥက္ကဋ္ဌတွေကိုလည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ NLD ပါတီ အလုပ်အမှုဆောင်တွေကိုလည်း ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ပြန်လည်လွှတ်ပေးတာကိုတော့ မတွေ့ရသေးပါဘူး။

နိုင်ငံတဝှမ်းမှာတော့ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ​ပြည်သူ့ဆန္ဒဖော်ထုတ်မှုတွေကလည်း အရှိန်မြင့်တက်နေပြီး တပ်နဲ့ရဲတပ်ဖွဲ့တွေကတော့ အကြမ်းဖက် ဖြိုခွင်းတာတွေကို လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.