စစ်အစိုးရလက်အောက် "ရုံးမတက်နဲ့ရုန်းထွက်"လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ လူထုက တောင်းဆိုနေကြပါတယ်။

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈)

ရုံးတက်နေတဲ့ ဝန်ထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ မော်လမြိုင်မြို့က လူငယ်တွေဟာ ကမ်းနားလမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ထိုင်သပိတ်လုပ်ပြီး တောင်းဆိုနေပါတယ်။

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုကို နိုင်ငံတဝှမ်းက ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ပုဂ္ဂလိက ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။

မွန်ပြည်နယ်မှာတော့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အများစုက CDM မှာ ပါဝင်လာပေမယ့် အစိုးရယန္တရားရဲ့ အဓိက ဌာနတွေဖြစ်တဲ့ ထွေအုပ် ၊ စည်ပင် နဲ့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေကတော့ စစ်အစိုးရလက်အောက်မှာ ရုံးတက်နေဆဲ ဖြစ်ပါတယ်။

အဆိုပါ ဝန်ထမ်းတွေအနေနဲ့ စစ်အစိုးရ အာဏာကို ဖီဆန်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” လှုပ်ရှားမှုမှာ ပါဝင်လာဖို့ လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

“ လက်ရှိ စစ်အစိုးရရဲ့ ယန္တရားတွေ ရပ်တန့်သွားရင် အရေးတော်ပုံကြီး အောင်မြင်ပြီးပေါ့။ ဒါကြောင့် ဝန်ထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ တောင်းဆိုနေတာပါ”လို့ လူငယ်တစ်ဦးက ပြောပါတယ်။

စစ်အစိုးရလက်အောက် “ရုံးမတက်နဲ့ရုန်းထွက်”လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ လူထုက တောင်းဆိုနေကြပါတယ်။

မွန်ပြည်နယ်က ပညာရေးဝန်ထမ်းတွေ ၊ ကျန်းမာရေးဝန်းထမ်းတွေ ၊ မြန်မာ့မီးရထားဝန်ထမ်းတွေ ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေဟာ CDM မှာ ပါဝင်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဝန်ထမ်းအများစု CDM မှာ ပါဝင်ခဲ့လို့ မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ မော်လမြိုင်ဘူတာကြီးက မီးရထားလုပ်ငန်းတစ်ချို့ ရပ်တန့်ခဲ့တာကိုလည်း တွေ့ရပါတယ်။

“ အမတို့ ပြည်သူတွေ ကျောင်းသားတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေသလို ဝန်ထမ်းတွေလည်း ပါဝင်ပေးဖို့ အမတို့ မေတ္တာရပ်ခံ တောင်းဆိုချင်တယ်။ ဝန်ထမ်းတွေက ပါဝင်ခဲ့ရင် တိုင်းပြည်က အကျိူးရှိသွားမှာပါ ဒါကြောင့် ပူပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ အမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေပြီး လူငယ်တွေရဲ့ ပါဝင်မှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.