မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄)

Civil Disobedience Movement လို့ခေါ်တဲ့ အာဏာသိမ်းအစိုးရ လက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုမှာ မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာ ဆရာမ (၃၂) ဦးလည်း ပါဝင်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ ဖေဖော်ဝါရီ (၂)ရက်နေ့က စတင်ခဲ့ပြီး နိုင်ငံတဝှမ်းက ဆရာဝန်တွေ ၊ ဆရာ ဆရာမတွေ နဲ့ ဌာနဆိုင်ရာအချို့က ဝန်ထမ်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၁)ရက်နေ့မှာ တပ်မတော်မှ အာဏာသိမ်းပြီးနောက် အစိုးရရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ တပ်က ရွေးချယ်ထားသူတွေကို ခန့်အပ်ခဲ့ပါတယ်။

တပ်ကဖွဲ့စည်းထားတဲ့ အစိုးရအပေါ် အယုံအကြည်မရှိတာကြောင့် အခုလို လှုပ်ရှားပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာလို့ လှုပ်ရှားသူတွေက ပြောပါတယ်။

“ကျွန်မတို့က ပြည်သူ့ဝန်ထမ်းဆိုတော့ ပြည်သူ့တွေရဲ့ မျက်နှာကို ကြည့်ရမယ်။ အခုချိန်မှာ ကျောင်းသားတွေကအစ အရမ်းကို တက်ကြွနေကြတယ်။ သူတို့ရဲ့ ဆရာမဖြစ်တဲ့ ကျွန်မတို့က ရှေ့ဆောင်လမ်းပြအဖြစ် ဒီလိုလုပ်တာ။ ဒီအခြေအနေမှာ ဘာမှမလုပ်ပဲ ငြိမ်နေရမယ်ဆိုရင် ရှက်ဖို့ကောင်း ပါတယ်”လို့ ဒီအရေးမှာ ပါဝင်လှုပ်ရှားတဲ့ ဆရာမတစ်ဦးက ဆိုပါတယ်။

မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာ ဆရာမတွေရဲ့ ကြေညာချက်မှာဆိုရင် တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော် သမ္မတကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ၊ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အသိအမှတ် ပြုပေးရေးနဲ့ ​ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့ခေါင်းဆောင်တွေနဲ့ တရားမျှတတဲ့ လွှတ်တော်ခေါ်ယူရေးတို့ကို တောင်းဆိုထားပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ကမ်ပိန်းတွေကို နိုင်ငံတဝှမ်းက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။

အာဏာသိမ်း အစိုးရကတော့ မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ facebook အသုံးပြုခွင့်ကို ဒီကနေ့ မနက်ပိုင်းကစတင် ကန့်သတ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.