မွန်ပြည်နယ်ထွက်ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲတွေ ရှိနေ

0
1868

မော်လမြိုင် ၊ ဇန်နဝါရီ (၇)

မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်ထွက် ငါးတွေကို တရုတ် ၊ စင်ကာပူ နဲ့ မလေးရှား နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။

အဲ့ဒီလို တင်ပို့တဲ့ ငါး (၉၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို မှီခိုနေရတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်စျေးကွက်ကို တင်ပို့ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် ဖမ်းဆီးရမိတဲ့ ငါးတွေကို အအေးခန်းတွေမှာသာ သိုလှောင်ထားရတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောပါတယ်။

“တရုတ်ပြည်ကို ပို့တာများပါတယ်။ တရုတ်ပြည်ပို့တဲ့အခါ ဒီကပစ္စည်းကို ရန်ကုန်ပို့တယ်။ ရန်ကုန်မှာ သေချာပြန်ထုတ်ပိုးပြီး တရုတ်ကိုတင်ပို့တယ်။ လောလောဆယ် တရုတ်ပြည်ဈေးကွက်ကလည်း အားလုံးသိကြတဲ့အတိုင်း အားလုံရပ်နေတယ်။

ဖမ်းတာကတော့ ဖမ်းနေတယ်။ လှောင်ထားတဲ့ ဟာတွေကလည်း မပို့ရသေးတဲ့ အနေအထားနဲ့ အခက်အခဲတွေကြုံနေရတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဂိတ်တွေမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ပိုမိုတင်းကြပ်လိုက်တဲ့အတွက် ပို့ကုန်တွေ တင်ပို့ရာမှာလည်း အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အခုလို တရုတ်စျေးကွက်ဘက်က ဝယ်လိုအား လျော့ကျနေတဲ့အပြင် ထိုင်းစျေးကွက်တစ်ခုဖြစ်တဲ့ မဟာချိုင်က ငါးစျေးကိုလည်း lock down ချထားတဲ့အတွက် ပြည်ပစျေးကွက်က ရာနှုန်းပြည့်နီးပါး ရပ်နားနေရပါတယ်။

“နိုင်ငံခြားတင်ပို့တာက တရုတ်ပြည်ကိုတင်ပို့ပါတယ်။ ပို့တဲ့အခါ ဟိုဘက်က ကိုဗစ်နဲ့ ပတ်သတ်ပြီး တင်းကြပ်တာတွေ ပြစ်မှုစည်းကမ်းတွေ များလာတော့ ကျွန်တော်တို့ ပို့ရတဲ့နေရာမှာ အခက်အခဲဖြစ်နေတာ ခန့်မှန်းခြေဆို ၁၅ရက် တစ်လ လောက်တော့ ရှိနေပြီး”လို့ မော်လမြိုင်ဟိုလ်ဒင်း ကုမ္ပဏီ လိမီတက် ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် မွန်ပြည်နယ်ထွက် ငါးတွေကို အထက်မြန်မာပြည်စျေးကွက်မှာ ရောင်းချနိုင်အောင် သမဝါယမအသင်းနဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ငါးဗြတ် ၊ ငါးသလောက် အများဆုံးထွက်ရှိပြီး ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်ကိုလည်း တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.