မော်လမြိုင်မြိုနယ်အတွင်းရှိ အမှတ်(၁)ဈေး နှင့် မြိုင်ရတနာဈေးကို ဇန်နဝါရီ ၇ရက်တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်

0
1573

မော်လမြိုင်၊ ဇန်နဝါရီ ၇

မော်လမြိုင်မြိုနယ်အတွင်းရှိ အမှတ်(၁)ဈေး နှင့် မြိုင်ရတနာဈေးကို ဇန်နဝါရီ ၇ရက်တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ဈေးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သော်လည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကမည်ဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေရိုက်ခြင်း၊ ဈေးဆိုင်ပိတ်သိမ်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မော်လမြိုင်မြိုနယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ထွဋ်က ပြောသည်။

“Mask မတပ်ရင် ဒဏ်ငွေ ၂၀၀ သူတို့ဆီက ကောက်ခံမယ်။ ၂၀၀မှာ ၁၅၀ကို ဒဏ်ကြေးအဖြစ် ငွေစာရင်းထဲ ပြန်သွင်းတယ်။ ၅၀ကိုကျတော့ mask အတွက် ပြန်အသုံးပြုတယ်။ mask ဝယ်တာပေါ့။ စည်းကမ်းမလိုက်နာတဲ့ဈေးဆိုင်တွေဆို ပထမအကြိမ် ၁၀ရက်ပိတ်မယ်။ ဒုတိယအကြိမ်ဆိုရင်တော့ တစ်လပိတ်သိမ်းမယ်”ဟု ၎င်းက ပြောသည်။

ဈေးအတွင်းသို့ ဝင်မည့်ဆိုပါက မဖြစ်မနေ mask တပ်ဆင်ရမည်ဖြစ်ပြီး ဆိုင်တိုင်းတွင်လည်း Hand gel များထားရှိရမည်ဟု ညွှန်ကြားထားကြောင်း ဆက်ပြောသည်။

ဈေးဆိုင်ခန်းများကိုလည်း သတ်မှတ်ထားသည့်အကွာအဝေးတိုင်း ထားရှိကာ ရောင်းချခွင့်ပေးမည်ဖြစ်ပြီး ဈေးရောင်းသူများလည်း mask တပ်ဆင်ကာ ရောင်းချရမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

ဈေး ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရန် နှင့် စေ‌ေးအတွင်း ကိုဗစ်ကူးစက်မှု မရှိစေရေးအတွက် ဈေးသူ၊ ဈေးသားများမှ ဝိုင်းဝန်းပူးပေါင်းရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

ဈေးအတွင်း ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိလာပါက ဈေးများကို ပြန်ပိတ်ရမည်အခြေအနေဖြစ်သောကြောင့် စည်းကမ်းလိုက်နာကြရန် လိုအပ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

“ဈေးပြန်ဖွင့်ပေးတယ်ဆိုပေမယ့် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာလို့ရှိရင် ဈေးကို ပြန်ပိတ်ရမယ့် အနေအထားမျိုး ဖြစ်တယ်။ အဲလိုဖြစ်ရင် ဈေးကို ပြန်ဖွင့်ပေးဖို့က အချိန်ယူရလိမ့်မယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ရောဂါမပြန့်ပွားအောင် ဈေးသူဈေးသားတွေက ဝိုင်းဝန်းထိန်းပေးဖို့လိုတယ်။ သူတို့လည်း ကာကွယ်ပြီး အကောင်းဆုံးနေကြမယ်ဆို အကောင်းဆုံပေါ့”ဟု ပြောသည်။

ဈေးအတွင်း သတိပေးဆိုင်းဘုတ်များ ထောင်ထားကာ အသိပေးခြင်း၊ ဈေးအတွင်း လိုက်လံဆော်ဩခြင်းများ ဆောင်ရွက်ပေးနေသောကြောင့် ကိုဗစ်စည်းမျည်းစည်းကမ်းများကို တိတိကျကျ လိုက်နာပေးရန် တိုက်တွန်းပြောသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.