မော်လမြိုင်၊ ဒီဇင်ဘာ ၂၈

မော်လမြိုင်မြို့ရဲ့ (၈၀)ရာခိုင်နှုန်းကို အတ္ထရံမြစ်ရေပေးဝေရေး စီမံကိန်းကနေ ဇန်နဝါရီလ တတိယအပတ်မှာ သောက်သုံးရေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် အတ္ထရံမြစ်ရေ​ပေးဝေရေး စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်ခဲ့တာပါ။

ဒီစီမံကိန်းကနေ မော်လမြိုင်မြို့ရဲ့ (၈၀)ရာခိုင်နှုန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ NTU 5 အဆင့်ထက်ပိုတဲ့ သောက်သုံးရေတွေကို ဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။

“အခုက Test run တွေ စနေပြီ။ Test run တွေကို တစ်ပိုင်းပြီး တစ်ပိုင်း အလိုက် လုပ်နေတယ်။ ဇန်နဝါရီ တတိယအပတ်လောက်ဆို မြို့ထဲကို ပေးနိုင်လိမ့်မယ်”လို့ ဦးတင်ကိုကိုက ပြောပါတယ်။

သောက်သုံးရေတွေကိုတော့ မူလပိုက်လိုင်းများအတိုင်း ဖြန့်ဝေပေးမယ့်အပြင် ရေမရရှိသေးသော ရပ်ကွက်အသစ်တွေကိုလည်း ပိုက်လိုင်းအသစ်တွေ တိုးချဲ့ပေးသွားမယ်လို့ ဆိုပါတယ်။

ရပ်ကွက်များအတွင်း ရေရောက်ရှိတဲ့ အခြေအနေပေါ်မူတည်ပြီး ပထမတစ်လမှာ ရေမီတာ တစ်ယူနစ်ကို ပုံမှန် ၁၅၀ကျပ် သာ ကောက်ခံမည်ဖြစ်ပြီး ရေရရှိမှု အဆင်ပြေပါက နောက်လတွေမှာ တစ်ယူနစ် ၂၅၀ကျပ် တိုးမြင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အတ္ထရံမြစ်ရေတင်စီမံကိန်းဟာ အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေနဲ့ ဆောင်ရွက်တာ ဖြစ်ပြီး အဲဒီစီမံကိန်းတခုတည်းကနေ နေ့စဉ် ရေဂါလန် သိန်း ၆၀ လောက် ထုတ်လုပ်သွားဖို့ စီစဉ်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.