မော်လမြိုင် ၊ အောက်တိုဘာ (၂၂)

ရေးမြို့နယ်မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဒေသထွက် ငါးတွေကို စျေးလျှော့ရောင်းပြီး ဒေသခံတွေကို မဲဆွယ်စည်းရုံးနေကြပါတယ်။

ရေးမြို့နယ်မှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၄) ဦးအပါအဝင် နိုင်ငံရေးပါတီ (၁၁) ခုက ကိုယ်စားလှယ်လောင်း (၄၇) ဦး တို့က ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အာ့ဒီအထဲက တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ငါးတွေကို စျေးလျှော့ရောင်းပြီး မဲဆွယ်စည်းရုံးနေကြတာပါ။

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ဒေသခံတွေ စားဝတ်နေရေး အဆင်ပြေအောင်နဲ့ ငါးလုပ်ငန်းရှင်တွေ အဆင်ပြေအောင် ငါးတွေကို အခမဲ့ဝေပြီး မဲဆွယ်နေတာလို့ ရေးမြို့နယ်အမျိုးသားလွှတ်တော်အမှတ်(၆)မှာ ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“ကျွန်တော်ရဲ့မဲဆန္ဒနယ်မြေတွေကိုသွားတဲ့အခါ အချို့တောင်ပေါ်ရွာတွေမှာ ဈေးရောင်းဈေးဝယ်လာတာနည်းလို့ စားစရာဝယ်ဖို့အခက်အခဲတွေကိုသိရလို့ လှူဒါန်းချင်တာရယ် ကျွန်တော့်ရဲ့မဲဆန္ဒနယ်အတွင်းမှာ အဆင်ပြေစေဖို့ရယ် ငါးဈေးကွက်မရှိဖြစ်နေတဲ့ ရေလုပ်ငန်းရှင်တွေအဆင်ပြေစေဖို့ ရည်ရွယ်ပြီး ပေးဝေနေတာဖြစ်ပါတယ်၊ ခုဆိုရင် ရွာပေါင်း ၁၄ ရွာမှာ ငါးပိဿာပေါင်း ၇၅၀ ကျော်ရှိနေပါပြီ၊ အိမ်ထာင်စုပေါင်း ၁၅၀၀ လောက်ကို ပေးဝေနိုင်ပြီဖြစ်ပါတယ်၊ ဆက်လက်ပြီးတော့လည်း ပေးဝေသွားဦးမှာပါ ” လို့ သူက ဆိုပါတယ်။

အခုလို ထက်ဝက်စျေးနဲ့ ငါးတွေကို စျေးလျှော့ပေးရောင်းတာကြောင့် ကိုဗစ်ကာလ ဝင်ငွေနည်းတဲ့ အခြေခံလုပ်သားတွေအတွက် အဆင်ပြေစေတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းက ဦးရဲသီဟထွန်း ပြောပါတယ်။

“ရေးမှာက လက်လုပ်လက်စားတွေများကြတယ်၊ ကိုဗစ်ကာလမှာ လုပ်ငန်းရှင်အချို့က ဆို်ငတွေပိတ်တော့ ဝင်ငွေတွေနည်းလာကြတယ်၊ ဆင်းရဲသားတွေအတွက်ကို ရည်ရွယ်ခြင်းဖြစ်ပါတယ် ”လို့ ဆိုပါတယ်။

ရေးမြို့နယ် ဒေသခံတွေကတော့  လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေအစား  အခုလို လူထုကို တိုက်ရိုက်အကျိုးပြုတဲ့ မဲဆွယ်စည်းရုံးမှုကို လိုလားတယ်လို့ ဆိုပါတယ်။

“အနိုင်ရမှလုပ်ပေးမယ်ဆိုတာထက် အနိုင်မရခင်မှာ ပြည်သူတွေအတွက်အကျိုးရှိအောင်လုပ်ပေးတာကို ပြည်သူတွေအတွက်အထူးတလည်ကျေးဇူးတင်ပါတယ်၊ ပြည်သူတွေရဲ့အနေအထားကကိုဗစ်ကာလမှာ အကြပ်အတည်းဖြစ်နေကြတယ်၊ ခုလို အခမဲ့ပေးဝေတာတွေ၊ တန်ဖိုးလျှော့ချတာတွေက ပြည်သူတွေအတွက် အကျိုးရှိပါတယ်၊ အင်အားပြပြီးတော့ စည်းရုံးရေးဆင်းနေမယ့်အစား ပါတီကြီးတွေအနေနဲ့ ဒီလိုမျိုးလုပ်ပေးလို့ရှိရင် အရမ်းကိုသင့်တော်ပါတယ်လို့ မြင်မိပါတယ်”လို့ ရန်ကြီးအောင်ရပ်ကွက်နေ ကိုဇော်ထွေးက ပြောပါတယ်။

ရေးမြို့နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နဲ့ မွန်ညီညွတ်ရေးပါတီတို့ကို လူထုထောက်ခံမှုများပြီး ကိုယ်စားလှယ်လောင်းတွေကလည်း အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.