မော်လမြိုင် ၊ အောက်တိုဘာ (၂၁)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သထုံခရိုင်အတွင်း မဲပေးဖို့ ပုံစံ(၃-က) နဲ့ လျှောက်ထားသူ (၁၅၀၀) ကျော် ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို သွားရောက်ပြီး မဲပေးလိုခြင်းမရှိရင် မိမိတို့ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ လျှောက်ထားနိုင်ပါတယ်။

အာ့ဒီလို မဲပေးနိုင်ဖို့အတွက် မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ စက်တင်ဘာ ၁၇ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပုံစံ (၃-က) နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

“ရက်ပေါင်း ကိုးဆယ်အထက် ရောက်နေကြလို့ (၃-က) နဲ့ လျှောက်ထားသူတွေ ရှိတယ်။ သထုံခရိုင် လေးမြို့နယ်မှာတော့ လျှောက်ထားသူ (၁၅၀၀)ကျော် ရှိပါတယ်”လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် ခရီးသွားကန့်သတ်မှုတွေရှိနေတဲ့အတွက် ရွေးကောက်ပွဲနေ့မှာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို ပြန်ပြီး မဲပေးဖို့ အခက်အခဲနေရှိနေတာကြောင့် ပုံစံ (၃-က) လျှောက်ထားတဲ့သူ များတယ်လို့ ကော်မရှင်က ဆိုပါတယ်။

ပုံစံ (၃-က) နဲ့ လျှောက်ထားသူတွေရဲ့ မဲစာရင်းကိုတော့ ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုမှာ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးတွေမှာ ကပ်ထားကြေညာပေးမှာဖြစ်ပြီးတော့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

မော်လမြိုင်ခရိုင်အတွင်းမှာတော့ ပုံစံ (၃-က) နဲ့ လျှောက်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို မပြုစုရသေးတာကြောင့် လတ်တလောမှာ မဖြေကြားနိုင်သေးဘူးလို့ ကော်မရှင်အဖွဲ့ခွဲက ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်းဝန်းကျင်ရှိပြီး အခုမှ စတင်မဲပေးမယ့် လူငယ်(၁)သိန်းကျော် ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.