မော်လမြိုင် ၊ အောက်တိုဘာ (၂၀)

ကရင်တိုင်းရင်းသားတွေအနေနဲ့ ကရင်ပါတီနဲ့ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ လွှတ်တော်အတွင်းမှာ ကရင်အမျိုးသားတွေ ပါဝင်လာစေဖို့ ရည်ရွယ်ပြီးတော့ အောက်တိုဘာလ (၁၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ NCA (၅)နှစ်ပြည့် နှစ်ပတ်လည် ကြေညာချက်မှာ KNU က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“ကရင်အမျိုးသားတွေရဲ့ လွှတ်တော်နိုင်ငံရေးမှာပါဝင်လာဖို့အတွက် အားပေးတဲ့သဘော၊ လွှတ်တော်အတွင်းပါဝင်လာခြင်းအားဖြင့် ကိုယ့်အမျိုးသားတွေရဲ့လိုလားချက်တွေကို တင်ပြနိုင်တဲ့အခွင့်အရေးရမယ်၊ ကရင်ပါတီတွေက ကရင်အပြင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာလဲ ရွေးကောက်ပွဲဝင်ကြမယ့်နေရာမှာ ကျွန်တော်တို့ KNU အနေနဲ့က နိုင်ငံရေးပြုပြင်ပြောင်းလဲတဲ့နေရာမှာ အခန်းကဏ္ဌတစ်ခုအနေနဲ့ပါဝင်လာကြဖို့ အားပေးတဲ့သဘောဖြစ်တယ်၊ ကိုယ့်အမျိုးသားအခွင့်အရေးတွေ ရယူနိုင်ဖို့အတွက် ကိုယ့်အမျိုးသားကိုယ်စားလှယ်တွေပါဝင်ခြင်းအားဖြင့် ပိုမိုပြီးတော့ ထိရောက်နိုင်မယ်လို့ မြင်ပါတယ်”လို၌ ကရင်အမျိုးသားအစည်းအရုံး ဒု- ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင်တိုင်းရင်းသား ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ KNU ရဲ့ တိုက်တွန်းချက်ဟာ ကရင်အမျိုးသားတွေအပေါ် သက်ရောက်မှု အများကြီး ရှိတယ်လို့ ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

“ကိုယ့်ကရင်ပါတီကိုချစ်တယ်ဆိုပေမယ့် တဖက်ကနေပြီးတော့ ဒီဒေသမှာ ဘာတွေလုပ်ပေးထားတယ်ပေါ့၊ ခုက ပွင့်လင်းမှုရှိလာတယ်၊ ပြောပြဖို့ ထိတွေ့ဖို့အများကြီးလိုလာတယ်၊ လမ်းတွေ၊ တံတားတွေလုပ်ပေး ပါလားဆိုပြီးတော့ ကျေးဇူးပြုတဲ့အတွေးတွေကလည်း သူတို့မှာရှိနေတယ်၊ လမ်းဖောက်တာက ဘယ်အစိုးရတက်တက်ပေါ့၊ မွန်မှာ ကရင်များတဲ့နယ်မြေတွေရှိပေမယ့် မဲမပေးတတ်တာတွေလည်းရှိတယ်၊ မထူးတော့ပါဘူး ဒါပဲထည့် လိုက်တာလဲရှိတယ်၊ မွန်ပြည်နယ်က ကရင်ပါတီတွေရဲ့အလားက အောက်ခြေအထိဆင်းဖို့က Stay at home ကဖြစ်တော့ ထိတွေ့မှုနည်းနေတဲ့အပေါ် အားမလိုအားမရဖြစ်တယ်၊ ပြည်သူတွေကို များများထိတွေ့မှ သက်ရောက်မှုရှိမယ်၊ မြင်ရတဲ့ပုံစံက အမြင်ပွင့်လာတယ်ဆိုတော့ ရာနှုန်းထက်ဝက်ကျော်လောက် အလားအလာရှိပါတယ် ” လို့ ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း နော်ဆာထူး က ဆိုပါတယ်။

ကရင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ ကရင်ပြည်သူ့ပါတီဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ ဧရာ၀တီတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း ၇၄ ဦး၊  ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ကရင်ပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၂၉ ဦး၊  ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ၅ ဦးနဲ့ ကရင်အမျိုးသားပါတီက ဧရာ၀တီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ၁၀ ဦး၊ ကယားပြည်နယ်မှာ ၃ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.