အောက်တိုဘာ ၁၉၊ ၂၀၂၀

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့ အဝေးရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာ ၂၅ ရက်နေ့နောက်ထား လျှောက်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့ အဝေးရောက် မဲဆန္ဒရှင်တွေဟာ ကြိုတင် မဲပေးနိုင်ဖို့ ပုံစံ (၁၅) နဲ့ မိမိတို့ရောက်ရှိနေတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။

ပုံစံ (၁၅) တွေကို သက်ဆိုင်ရာ ရပ်ကျေးအုပ်စုက မဲစာရင်းမှာ ပါ မပါ စစ်ဆေးပြီးတော့  ကြိုတင်မဲလက်မှတ်နဲ့ စာအိတ်တွေကို မဲဆန္ဒရှင် လက်ရှိရောက်ရှိနေတဲ့ မြို့နယ်တွေကို ပေးပို့သွားမှာဖြစ်ပြီး  ကြိုတင်မဲပေးထားတဲ့ စာအိတ်တွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ချောပို့ကနေတစ်ဆင့် ပြန်ပို့သွားမှာ ဖြစ်ပါတယ်။

ကော်မရှင်ကတော့ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် ကြိုတင်မဲလက်မှတ်နဲ့ စာအိတ် ပေးပို့ဖို့အတွက် ၇ ရက် ၊ ကြိုတင်မဲပေးထားတဲ့ စာအိတ်ကို သက်ဆိုင်ရာမြို့နယ်ကို ပြန်ပို့ဖို့အတွက် ၇ ရက် စုစုပေါင်း (၁၄)ရက်  ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကြိုတင်မဲ စာအိတ်တွေဟာ ရွေးကောက်ပွဲနေ့ ညနေ ၄ နာရီမတိုင်မီ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေကို မရောက်ဘူးဆိုရင်တော့ ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ကော်မရှင်က ဆိုပါတယ်။

ကြိုတင်မဲလက်မှတ်ပါတဲ့ စာအိတ်တွေကိုတော့ နိုဝင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို ပြန်လည်ပေးပို့ရမှာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.