အောက်တိုဘာ(၁၆)ရက်နေ့ မုဒုံမြို့မှာ NLD အင်အားပြစဉ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၆)

မုဒုံမြို့နယ်မှာ သောင်းနဲ့ချီတဲ့ NLD နဲ့ USDP ပါတီဝန်းရံသူတွေ အင်အားပြ လှည့်လည်ပြီး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်နေကြပါတယ်။

အောက်တိုဘာလ(၁၅)ရက်နေ့ မနက်ပိုင်းမှာ သောင်းနဲ့ချီတဲ့ USDP ပါတီဝန်းရံသူတွေဟာ ကားတွေ ဆိုင်ကယ်တွေနဲ့ လှည့်လည် အင်အားပြခဲ့ပြီး အောက်တိုဘာလ(၁၆)ရက်နေ့ မနက်ပိုင်းမှာတော့ NLD ပါတီဝန်းရံသူ(၃၀၀)ကျော် ဆိုက်ကားတွေနဲ့ အင်းအားပြလှည့်လည်ခဲ့ပြီး ညနေပိုင်းမှာတော့ သောင်းနဲ့ချီတဲ့ NLD ဝန်းရံသူတွေက ကားတွေ ဆိုင်ကယ်တွေနဲ့ အင်းအားပြ လှည့်လည်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီထောက်ခံသူတွေကတော့ ဆိုက်ကားဆရာတွေကို ငွေကြေးတစ်ချို့နဲ့ ဆန်ဆီဆားတွေ ပေဝေ လှူဒါန်းခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

” ဆိုက်ကားစီးရေ ၃၀၀ ကျော်လောက်ရှိမယ်၊ ဒီမနက်တစ်ပိုင်းမှာလည်း ပြည်သူလူထုတွေက NLD က ထောက်ခံတာဆိုတော့ မေတ္တာစေတနာတွေတစ်အားများတယ်၊ လှူဒါန်းတဲ့ပစ္စည်းတွေက အတော်များတယ်၊ ဆိုက္ကားမှာ ပစ္စည်းတောင်တင်မလောက်ဘူး ” လို့ မုဒုံမြို့နေ မခင်ဆွေဦးက ပြောပါတယ်။

အဲဒီအင်အားပြလှည့်လည်ပွဲကို မုဒုံမြို့ပေါ်ရပ်ကွက်တွေအပါအဝင်‌ ပတ်ဝန်းကျင်ကျေးရွာအချို့က ပြည်သူတွေလည်း ဝန်းရံအင်အားခဲ့ကြတာပါ။

အောက်တိုဘာ(၁၅)ရက်နေ့ USDP ဝန်းရံသူတွေ မုဒုံမြို့မှာအင်အားပြစဉ် (ဓာတ်ပုံ-MZ)

USDP ပါတီဝန်းရံသူတွေကတော့ အခုလို လူအင်အားများများနဲ့ ဝန်းရံတာကြောင့် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် အားဖြစ်စေတယ်လို့ ဆိုပါတယ်။

”ကိုယ်ဝန်းရံတဲ့ပါတီက ခုလိုလူများများနဲ့ဝန်းရံတော့ အားရှိတာပေါ့၊  ပြည်ခိုင်ဖြိုးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုကြိုက်တယ်၊ ပြည်ခိုင်ဖြိုးကရွေးပေးလိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကျွန်မတို့မြို့အတွက် တကယ်ကိုအလုပ်လုပ်ပေးနိုင်တဲ့သူတွေလို့ တွေ့ရတယ်၊ အဲဒီလူတွေကလည်း တစ်ချိန်က မုဒုံမြို့အတွက်လုပ်ခဲ့ဘူးတယ်၊ ခုမှလုပ်တာမဟုတ်ဘူး၊လက်ရှိမှာလည်း အမြဲရှေ့ဆုံးကပဲလုပ်နေတာ၊ သူတို့အာဏာရရေး မရရေးထက် အရင်ကတည်းက လုပ်နေကြတာ၊ အဲဒီအတွက် နောင်လည်း အဲ့ထက်ပိုဆောင်ရွက်ပေးနိုင်မယ်ယုံကြည်လို့ ပြည်ခိုင်ဖြိုးကို ဝန်းရံတာ၊ရွေးကောက်ပွဲကတိကဝတ်တွေက တကယ်လလုပ်ပေးနိုင်မယ်ယုံကြည်လို့ ဝန်းရံတာ ” လို့ လိုက်ပါဝန်းရံသူ မုဒုံမြို့၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်နွယ်ဝင်းက ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မုဒုံမြို့နယ်မှာ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်း အပါအဝင် နိုင်ငံရေးပါတီ (၁၃)ခုက ကိုယ်စားလှယ်လောင်း  (၄၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မုဒုံမြို့နယ်မဲဆန္ဒနယ်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ USDP ပါတီက အများဆုံး အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NlD ပါတီက အများဆုံး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ – M Z

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.