မော်လမြိုင် ၊ အောက်တိုဘာ (၁၅)

အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်အောင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေက စာရင်းကောက်ခံနေပါတယ်။

အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း ပေးရမှာ ဖြစ်ပါတယ်။

Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေ ထူထပ်တဲ့မြို့နယ်တွေက အသက် ၆၀ နဲ့အထက်ရှိသူတွေ နေအိမ်မှာ ကြိုတင်မဲပေးနိုင်ဖို့အတွက် ရပ်ကျေးကော်မရှင်တွေက ဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားပါတယ်။

Stay at home သတ်မှတ်ထားတဲ့ မြို့နယ်နဲ့ လူဦးရေ ထူထပ်တဲ့မြို့နယ်ကမဟုတ်တဲ့  အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေကတော့ မဲရုံကို ကိုယ်တိုင်လာရောက်ပြီး ကြိုတင်မဲပေးရမှာ ဖြစ်တယ်လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။

“stay at home မြို့နယ်ရယ် နောက် လူဦးရေထူထပ်တဲ့မြို့နယ်ပေါ့ အဲဒီမြို့နယ်မှာရှိတဲ့ အသက် ၆၀ နဲ့အထက် ပုဂိုလ်တွေ မဲပေးဖို့အတွက်ကျတော့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေကနေပြီးတော့ အိမ်တိုင်ရာရောက် ကြိုတင်မဲပေးဖို့အတွက် စီစဥ်ပေးရမယ် ကျန်တဲ့မြို့နယ်တွေကျတော့ အသက် ၆၀ နဲ့အထက် ပုဂိုလ်တွေကတော့ သူတို့လဲ ကြိုတင်မဲ ပေးရမယ် သို့သော် သူတို့ကျတော့ ကော်မရှင်က အိမ်တိုင်ရာရောက် လာမှာမဟုတ်ဘူး သူတို့က ရပ်ကျေးကော်မရှင်ကို သွားရမယ်” မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ပြောပါတယ်။

တကယ်လို့ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားဖို့ အခက်အခဲရှိမယ်ဆိုရင်တော့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ကို သတင်းပို့ရမှာဖြစ်ပြီး နေအိမ်မှာ ကြိုတင်မဲပေးနိုင်အောင် ရပ်ကျေးကော်မရှင်က စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမြေပြင်အခြေအနေမှာတော့ အသက်(၆၀)အထက် မဲဆန္ဒရှင် စာရင်းကောက်ယူတာ ပြီးစီးသလောက်ရှိပြီး ကြိုတင်မဲပေးဖို့နဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ညွှန်ကြားတာမျိုး မရှိသေးဘူးလို့ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတွေက ပြောပါတယ်။

“ကြိုတင်မဲပေးဖို့ အသက် ၆၀ အထက်တွေကို စာရင်းကောက်ခိုင်းထားတယ် ပြီးသလောက်တော့ပြီးနေပြီ ၇၀၀ ကျော်စာရင်းရထားတယ်၊ သူတို့ကို ဘယ်လိုလုပ်မလဲဆိုတာ တိတိကျကျတော့ ဘာမှ ပြောထားတာမရှိတော့ မသိဘူး စာရင်းပဲ ကောက်ခိုင်းထားတယ်” မော်လမြိုင်မြို့ မရမ်းကုန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြောသည်။

အခုလို အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးထားတာကြောင့် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာပေးမယ့်သူ စုံပြုံနေမှာ မဟုတ်ဘူးလို့ ကော်မရှင်အဖွဲ့ဝင်တွေက သုံးသပ်ထားပါတယ်။

ဒုတိယအကြိမ် မဲစာရင်းအရတော့ မွန်ပြည်နယ်အတွင်းမှာ ဆန္ဒမဲပေးပိုင်းခွင့်ရှိသူ (၁၈) သိန်းဝန်းကျင်ရှိပြီး မဲရုံ (၉၇၀)ကျော် ဖွင့်လှစ်သွားဖို့ ကော်မရှင်က လျာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.