မော်လမြိုင် ၊ ဇူလိုင် (၂၄)

မွန်ညီညွတ်ရေးပါတီမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအဖြစ် လာရောက်လျှောက်ထားသူ အလွန်နည်းပါးနေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားတဲ့အပြင် ကိုယ်စားလှယ်လောင်း အရည်အချင်းတန်းတူဖြစ်ရင် အမျိုးသမီးတွေကို ဦးစားပေး ရွေးချယ်ဖို့ မူဝါဒတွေ ချမှတ်ထားပါတယ်။

ဒါပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ် လာရောက်လျှောက်ထားသူ (၉၀) ကျော် ရှိတဲ့အထဲမှာ အမျိုးသမီးက (၁၀) ဦးလောက်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

“တင်လာတဲ့ စာရင်းကို ကြည့်လိုက်တော့ အမျိုးသမီး အရေအတွက် တအားနည်းတယ်။ ကျွန်တော်တို့က ဖိတ်ခေါ်တယ် အရည်အချင်းတန်းတူဖြစ်ရင် အမျိုးသမီးကို ဦးစားပေးမယ်။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့တော့ ပြန်စီစစ်မှာပေါ့” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းလျှောက်ထားရာမှာတော့ တစ်မြို့နယ်ကို အမျိုးသမီး တစ်ဦး ဒါမှမဟုတ် နှစ်ဦးစီ လျှောက်ထားပေမယ့် ဗဟိုအဆင့်ကနေ ရွေးချယ်ရင် ဘယ်နှစ်ဦးကျန်မယ်ဆိုတာကို ခန့်မှန်းလို့ မရဘူးလို့ မွန်ညီညွတ်ရေးပါတီ အမျိုးသမီးရေးရာမှူး မိလဝီဟန်က ပြောပါတယ်။

“ကိုယ်စားလှယ်လျှောက်ထားတာ မြို့နယ်တိုင်းမှာ အမျိုးသမီး တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ပါတယ်။ရွေးချယ်တဲ့အဆင့်က နှစ်ဆင့်ရှိတယ် မြို့နယ်အဆင့်ရွေးတယ် ပြီးတော့ ဗဟိုအဆင့်ရောက်ရင်လည်း ထပ်စီစစ်အုံးမယ်ဆိုတော့ ဘယ်လောက်ကျန်မယ်မှန်း မသိသေးဘူး”လို့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကိုတော့ ဇူလိုင်လ (၂၄)ရက်နေ့မှာ အပြီးသတ် ရွေးချယ်မှာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီက (၂၅) ရက်နေ့မှာ အတည်ပြုပြီးမှ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီဟာ မွန် ၊ ကရင် ၊ တနင်္သာရီ အပြင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့က မဲဆန္ဒနယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာပါ။

မွန်ညီညွတ်ရေးပါတီဟာ မွန်အမျိုးသားပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် အခြားအစုအဖွဲ့ (၄) ဖွဲ့တို့ ပူးပေါင်းထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပါတီဝင်အင်အား နှစ်သောင်းကျော် ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဩဂုတ်လ (၇)ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.